ဝါရှင်တန်၊ ဇူလိုင်-၂၇-၂၀၂၅
မျိုးဆက်(VOM)
ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲဖို့ ကြားဝင်ညှိနှိုင်းပေးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ နှစ်ဖက်အကြား ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ လက်ရှိအချိန်ထိ ဆက်လက်ဖြစ်ပွားနေပါတယ်။
နယ်စပ်ပဋိ့ပက္ခတွေနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်တို့နဲ့ ဆွေးနွေးခဲ့တယ်လို့ ထရန့်က ဆိုပါတယ်။ ခေါင်းဆောင်နှစ်ယောက်ဟာ ချက်ချင်းတွေ့ဆုံပြီး ဆွေးနွေးဖို့နဲ့ နောက်ဆုံးမှာ ငြိမ်းချမ်းရေးရယူဖို့ သဘောတူခဲ့တယ်လို့ ထရန့်က ပြောပါတယ်။
အဲဒီနှစ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ လုပ်ဖို့ ကြိုးစားနေပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေရင် ဘယ်နိုင်ငံနဲ့မှ သဘောတူညီချက် မလုပ်ဘူးလို့လည်း သူက ဆိုပါတယ်။ ငြိမ်းချမ်းရေးရတဲ့အခါ နှစ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်းထရန့်က ပြောပါတယ်။
နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းဘက်မှာ လူ ၂၀ သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ကမ္ဘောဒီးယားဘက်မှာလည်း လူ ၁၃ ယောက်သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးမှာ လူပေါင်း တ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူထားတဲ့ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကလည်း နှစ်နိုင်ငံခေါင်းဆောင်တွေနဲ့ ဆက်သွယ်ပြီး စစ်ရပ်စဲဖို့ တောင်းဆိုခဲ့သလို နိုင်ငံတကာကလည်း ပဋိပက္ခ အဆုံးသတ်ဖို့ တောင်းဆိုမှုတွေရှိနေပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားကြား နယ်စပ်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက တံခါးပိတ် အစည်းအဝေးတရပ်ကို ပြီးခဲ့တဲ့နေ့က ပြုလုပ်ခဲ့ပါသေးတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေကို လုံးကို ချက်ချင်းရပ်စဲဖို့နဲ့ ငြိမ်းချမ်းစွာဖြေရှင်းဖို့ တောင်းဆိုခဲ့တယ်လို့ အစည်းအဝေးပြီးတဲ့နောက် ကုလသမဂ္ဂဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်က သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘောဒီးယားကို ပဋိပက္ခတွေအားလုံးကို ချက်ချင်းရပ်တန့်ပြီး စိတ်ရင်းမှန်နဲ့ ဆွေးနွေးမှုတွေ ပြန်စဖို့ တိုက်တွန်းတယ်လို့လည်း သူကဆိုပါတယ်။ ဒါအပြင် ပြဿနာပြေလည်စေရေး တခြားနိုင်ငံက ကြားဝင်စေ့စပ်တာ မလိုအပ်ဘူးလို့ ထိုင်းအစိုးရကလည်း ပြောပါတယ်။
ဒါပေမယ့်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ဒီပဋိပက္ခမှာ ဘယ်လိုကြားဝင်လာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
Ref:NHK
Photo:Reuters