ဇူလိုင် ၂၈ – ၂၀၂၅
SS (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့မှာ မနေ့ ဇူလိုင် ၂၇ ရက်၊ ညပိုင်းက ရေကြီးပြီး တောင်ကျရေတွေ ရုတ်တရက် စီးဆင်းလာတဲ့အတွက် လူသေဆုံးမှုတွေ ရှိနေပြီး လက်ရှိမှာ လူ လေးယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေ တွေ့ရှိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပင်းတယမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုနဲ့ ကုန်းစောင်းရွာ၊ ရွှေပုထိုးရွာတို့မှာ မနေ့ည ၁၁ နာရီဝန်းကျင်က တောင်ကျရေ စီးဆင်းမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ရေထဲမျောပါ ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးသလို နေအိမ် ၇၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“တောင်ကျရေက တဖြည်းဖြည်းချင်း မဟုတ်ဘဲ ရုတ်တရက်ကြီး ဝင်ချလာတာ။ ကုန်းစောင်းရွာက ရေထဲပါသွားတဲ့ သူတွေထဲက လေးယောက်ကိုတော့ အလောင်းပြန်တွေ့ပြီ။ ပျောက်နေတဲ့သူတွေ ရှိသေးတယ်။ ဘယ်နှစ်ယောက်လဲ ဆိုတာတော့ မသိရသေးဘူး။ အခုထိ ရှာနေတုန်း။ မိုးကလည်း မတိတ်သေးဘူး။ ရေကလည်း ကြီးနေတုန်းပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေဆဲဖြစ်ပြီး လူအင်အား နည်းနေတဲ့အတွက် ကယ်ဆယ်ရးအဖွဲ့တွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် တောင်ကျရေ စီးဆင်းမှုကြောင့် ကုန်းစောင်းနားက နေအိမ်တွေ၊ တောင်အောက်ခြေမှ နေအိမ်တွေနဲ့ စိုက်ခင်းတွေလည်း ထိခိုက် ပျက်စီးခဲ့သလို ဒီကနေ့ ဇူလိုင် ၂၈ ရက် မနက်ပိုင်းကလည်း ရွှေဥမင်ဘုရား အတက်လမ်းရှိ ဆိုင်ခန်း လေးခန်း မြေပိပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဈေးဆိုင်ခန်းတွေ ပျက်စီးခဲ့တဲ့အတွက် လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ရွှေဥမင်ဘုရား အတက်လမ်းကို ခေတ္တ ပိတ်ထားတယ်လို့ သိရပါတယ်။
“ပင်းတယက မနှစ်က အောက်ရေ တော်တော်ထွက်ထားတာ။ ဂလိုင်တွေ ဖြစ်ထားတာ အများကြီး။ ရေဝေရေလဲ မရှိတော့ မိုးများတိုင်း အခိုလို ပြဿနာတွေ ကြုံတွေ့ရနိုင်တယ်။
သစ်ပင်ကြီးတွေ၊ သစ်တောကြီးတွေ ပြုန်းတီးမှုရဲ့ ဒဏ်တွေပေါ့။ ဒါကြောင့် ဒေသခံတွေအနေနဲ့ ရာသီဥတု အခြေအနေကိုကြည့်ပြီး ကြိုတင်ပြင်ဆင် ကာကွယ်မှုတွေ ပြုလုပ်ထားကြဖို့ လိုတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ ပင်းတယမြို့က စီးဆင်းလာတဲ့ ရေတွေဟာ ရပ်စောက်မြို့ကို ရောက်ရှိလာနိုင်တဲ့အတွက် ရပ်စောက်မြို့က ဒေသခံပြည်သူတွေ အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) က ပင်လောင်း၊ ညောင်ရွှေ၊ အောင်ပန်း၊ ကလောမြို့တို့မှာလည်း မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ရေကြီးရေလျှံမှုတွေနဲ့ တောင်ပြိုမှုကျတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
Photo – CJ
