ဇူလိုင် ၂၈၊၂၀၂၅
GG (VOM )
မိုးကုတ်မြို့နဲ့ ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်း ခြောက်ခုကို မနက်ဖန် ဇူလိုင် ၂၉ ရက်မှစပြီး ကားကြီး ၊ကားလေးဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားမှာဖြစ်တယ်လို့ TNLA ရဲ့ဒီနေ့ အသိပေးထုတ်ပြန်မှုအရသိရပါတယ်။
ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားမယ့်လမ်းတွေက မိုးကုတ် – ကျောက်မဲ ၊မိုးကုတ် – မိုးမိတ်၊မိုးကုတ် – စဥ့်ကူး ၊မိုးကုတ် – သပိတ်ကျင်း ၊ပြင်ဦးလွင် -အုမ္မတီး – အုမ္မခါး – မိုင်းလုံ၊တကောင်း – တွင်းငယ် – မိုးမိတ် လမ်းတွေဖြစ်ပြီး ကားကြီး ၊ကားသေးအားလုံးကို ဇူလိုင် ၂၉ မှ သြဂုတ် ၅ ရက်အထိ ပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ် ။
အိမ်စီးကားတွေကိုတော့ ဩဂုတ် ၆ ရက်မှာ ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်ပြီး ကုန်တင်ကားနဲ့ ကားကြီးတွေကတော့ လမ်းပိတ်ကြောင်းအသိပေးချက် ထုတ်ပြန်ချိန်မှစပြီး နောက်ထပ် ကြေငြာချက်တစုံတရာ မထုတ်ပြန်မှီအချိန်အထိ ဖြတ်သန်းသွားလာခွင့်ပိတ်ထားမှာဖြစ်တယ်လို့ TNLA ဘက်က အသိပေးထားပါတယ်။
” သူတို့ကလမ်းပြင်မှာမို့ ယာယီပိတ်တယ်ပြောပေမယ့် မြို့ကိုအဝင်အထွက်ပိတ်ပြီး တိုက်ပွဲများပြန်စမလားဆိုပြီး တွေးပြီးပူရတာပေါ့။ လမ်းပိတ်လို့ကုန်တွေမဝင်ရင် အရင်ဆုံး ကုန်စျေးနူန်းတက်တာကို ကျွန်တော်တို့ခံရမှာ။ သူတို့ပိတ်တယ်ဆိုတော့လည်းကျွန်တော်တို့ ဘာမှမတတ်နိုင်ပါဘူး။ပြန်ဖွင့်မယ်ပြောတဲ့ရက်ကလည်း အိမ်စီးကားပဲဆိုတော့ ဘာမှန်းမသိသေးဘူး။ ကုန်ကားတွေပိတ်ထားရင် ပြည်သူပဲဒုက္ခရောက်မှာ။ “လို့ မိုးကုတ်ဒေသခံကပြောပါတယ်။
ဒါကြောင့် လမ်းတွေပိတ်ထားစဥ်ကာလအတွင်း မိုးကုတ်မြို့ကို ကားအဝင်အထွက်မရတော့တဲ့အတွက် မိုးကုတ်ခရီးစဥ်တွေ ယာယီရပ်ဆိုင်းသွားမှာဖြစ်သလို ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်သွားပြီဖြစ်တယ် လို့သိရပါတယ်။
TNLA ကတော့ ခုလိုလမ်းပိုင်းတွေပိတ်တာဟာ မိုးအဆက်မပြတ်ရွာသွန်းခြင်း၊မြေပြိုခြင်း ၊ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခြင်းကြောင့် လမ်းတံတားတွေပျက်စီးပြီးယာဥ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေတဲ့အတွက် ယာဥ်ကြောပိတ်ဆို့မှုကိုရှင်းလင်းခြင်းနဲ့ လမ်းတံတား ပြင်ဆင်ခြင်းလုပ်ငန်းကို လျင်မြန် စွာပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
“လမ်းတွေပျက်လို့ ပြင်ဖို့ပိတ်ထားတာအမှန်ဆိုရင် သေချာလေးပြုပြင်ပေးဖို့တောင်းဆိုပါတယ်။
အဆိုးဆုံး လမ်းတွေက မိုးကုတ်ကနေ ကျောက်မဲလမ်းပဲ။ ဘယ်လိုမှ သွားမရတော့ဘူး။ လယ်ထွန်စက်တောင် သူဟာသူဘီး လည်ထွက်နေတာ။
ကျောက်တလုံး အတက် လွယ်မွန်း ရွာနဲ့ အောက်ညောင်ကုန်းရယ် ကျောက်တလုံး အကျော်နားလေးမှာလဲ လမ်းက ချောက်ကမ်းပါးနားကို တဖြည်းဖြည်း အိကျနေပြီ။ မိုင်းလုံအကျော် အတက်ကွေ့ရယ် ပန်ကွမ်ဖက်လမ်းပြင်ဦးလွင်ကနေ လယ်ကြီး တက်တဲ့လမ်းမှာ ချိုင့်ကိုဖြစ်နေပြီး အကြီးကြီးဘဲး မိုးရွာရင် တက်လို့ကိုမရဘူး မနည််းရုန်းရတယ်။” လို့ ခရီးသွားတယောက်ကပြောပါတယ်။
TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့နဲ့ ကျောက်မဲမြို့နယ်တွေမှာတော့ ခုဇူလိုင်လအတွင်း နစကမှ လေကြောင်းကနေ တန်ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာတွေရှိပါတယ်။
အရင်ရက် ဇူလိုင် ၂၆ ရက်နေ့ကဆိုရင် မိုးကုတ်မြို့မှာလေကြောင်းတိုက်ခိုက်ခံရပြီး မြို့ရဲ့အထင်ကရဟိုတယ်တခုဖြစ်တဲ့ ရွှေလိပ်ပြာဟိုတယ်ဝန်းထဲက အဆောက်အဦးပေါ်ကျရောက်ကာ အမျိုးသားတယောက် သေဆုံးကာ သုံးယောက် ထိခိုက်ဒဏ်ရာရရှိ ခဲ့သလို အဲဒီနေ့မှာပဲ ကျောက်မဲမှာလည်း လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသားတယောက် သေဆုံးမှုရှိခဲ့ပါတယ်။
ဒါကြောင့် TNLA ဘက်မှ ယခုလို လမ်းပိုင်းတွေ ဖြတ်သန်းသွားလာခွင့်ပိတ်တဲ့အပေါ် မိုးကုတ်မြို့ခံပြည်သူတွေက တိုက်ပွဲအပြင်းအထန် ထပ်မံဖြစ်ပွားမှာကို စိုးရိမ်နေကြတယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ
