ဇူလိုင် ၂၉ ၊ ၂၀၂၅
GG (VOM)
မိုးကုတ်မြို့ အရှေ့ပိုင်းကို ဒီနေ့ ဇူလိုင် ၂၉ ရက်နေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူနှစ်ယောက်သေဆုံးကာ ကိုးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။
“၉ နာရီခွဲကျော်မှာတကြိမ်၊အဲဒီနောက်မကြာဘူးဒုတိယတကြိမ်ကြဲတယ်။နောက်တခါ၁၀ နာရီခွဲကျော်လောက်မှာတတိယအကြိမ်ကြဲတယ်။လတ်တလောနှစ်ယောက်သေတယ်သိရတယ်။ထိတဲ့သူတွေကလည်းခုမှဆွဲထုတ်နေကြတုန်းပဲ။ကိုးယောက်တော့သိရတယ်။အဲထဲမှာလေးယောက်ကဒဏ်ရာပြင်းတယ်။မင်းတံတားဆိုတာအရှေ့ပိုင်းနဲ့အနောက်ပိုင်းကူးတဲ့နေရာပေါ့။အဲအချိန်က ကားအသွားအလာရှိတော့ကားနှစ်စီးထိတယ်။ရတနာထွန်းဆီဆိုင်နားမှာလည်းကားထိတယ်။”လို့ မျက်မြင်ဒေသခံကပြောပြပါတယ်။
လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး မင်းတံတားရပ်ကွက် နဲ့ အရှေ့ရွာရပ်ကွက် ၊ရွှေဘုံသာရပ် စခန်းသာစျေးဝန်း တွေထဲကို ဗုံးကျရောက်ပေါက်ကွဲပြီး သေဆုံးသူ နဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“မိုးတွေရွာနေတာကို ဗုံးလာကြဲတာ ။လေယာဥ်သံတောင်ကောင်းကောင်းမကြားလိုက်ဘူး။အရှေ့ရွာဘက် အိမ်ပေါ်တည့်တည့်ကြတယ်။သေတာ ကျားနှစ်ယောက်ပါ။အခုကလမ်းတွေလည်းပိတ်ထားတော့ လေကြောင်းလာကြဲလည်းပြေးစရာမရှိဘူး။” လို့ မိုးကုတ်ဒေသခံကပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြပြီး ထိခိုက်ဒဏ်ရာရရသူတွေထဲမှာ လေးယောက်ကဒဏ်ရာပြင်းထန်မှုရှိတယ်လို့သိရပါတယ်။
လက်ရှိမှာ မိုးကုတ်မြို့နဲ့ ဆက်သွယ်ထားတဲ့ မိုးကုတ် – ကျောက်မဲ ၊မိုးကုတ် – မိုးမိတ်၊မိုးကုတ် – စဥ့်ကူး ၊မိုးကုတ် – သပိတ်ကျင်း ၊ပြင်ဦးလွင် -အုမ္မတီး – အုမ္မခါး – မိုင်းလုံ၊တကောင်း – တွင်းငယ် – မိုးမိတ် လမ်းတွေကို ဒီနေ့ဇူလိုင် ၂၉ ရက်မှစပြီး ကားကြီး ၊ကားသေးအားလုံး ဖြတ်သန်းသွားလာခွင့်ကို TNLA မှယာယီပိတ်ထားပါတယ်။
ဇူလိုင် ၂၆ ရက်နေ့ကလည်း မိုးကုတ်မြို့မှာလေကြောင်းတိုက်ခိုက်ခံရပြီး မြို့ရဲ့အထင်ကရဟိုတယ်တခုဖြစ်တဲ့ ရွှေလိပ်ပြာဟိုတယ်ဝန်းထဲက အဆောက်အဦးပေါ်ကျရောက်ကာ အမျိုးသားတယောက်သေဆုံးကာသုံးယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့သလို အဲဒီနေ့မှာပဲ ကျောက်မဲမှာလည်း လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသားတယောက်သေဆုံးမှုရှိခဲ့ပါတယ်။
ဇူလိုင် ၉ ရက်နေ့ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး နှစ်ယောက်သေဆုံးကာ ရှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဇူလိုင် ၈ ရက်နေ့ကလည်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဂေါင်းဦးဘာရပ်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူသုံးယောက်သေဆုံးခဲ့ပြီး နေအိမ်နဲ့အဆောက်အဦးတွေ ထိခိုက်ပျက်ဆီးမှုရှိခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ
