ဇူလိုင် ၂၇ – ၂၀၂၅
SN + GG (VOM)
လက်ရှိ နိုင်ငံတဝန်း မြစ်ရေ မြင့်တက်မှုတွေကြောင့် နိုင်ငံအရှေ့ပိုင်းနဲ့ အောက်ပိုင်းက မြို့နယ် ခြောက်မြို့ထက်မနည်းမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ လူမှုကူညီရေး အသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာ စစ်တောင်း၊ သံလွင်၊ ပဲခူး၊ ရွှေကျင်နဲ့ ဘီးလင်းမြစ်ရေအပြင် မယ်ဆိုင်ချောင်းရေပါ မြင့်တက်နေတာကြောင့် တာချီလိတ်၊ ဘားအံ၊ တောင်ငူ၊ မဒေါက်၊ ရွှေကျင်နဲ့ သထုံမြို့နယ်တွေမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ဇူလိုင် ၂၈ ရက်၊ မနက် ၇ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ အဆိုပါမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
အခုလို တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်လာမှုနဲ့အတူ မိုးရွာသွန်းမှုကြောင့် သောက်ရေခပ်ဆည်ကနေ ရေလွှတ်နေတဲ့အတွက် တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်နဲ့ မုန်းမြို့တို့မှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေပြီး ရေစီးနဲ့ လူနှစ်ယောက် မျောပါသေဆုံးကာ ကယ်ဆယ်ရေးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
အုတ်တွင်းမြို့နယ်မှာဆိုရင် စစ်တောင်းမြစ်ကမ်း အနိမ့်ပိုင်း နေရာတွေဖြစ်တဲ့ ချောင်းနားရွာ၊ ဘန့်ဘွေးပင်ကျေးရွာ၊ ခေါင်းရမ်းကျေးရွာ၊ အောင်းကြီးကျေးရွာ၊ မြင်းစုကျေးရွာ၊ လေးအိမ်စုရွာ၊ ကုလားရွာ၊ ရှမ်းဝါးတီးရွာ၊ အုန်းပင်ရွာ စတဲ့ မြစ်ကမ်းနံဘေးရှိ ကျေးရွာတွေမှာ ရေဝင်ရောက် နစ်မြုပ်နေတာကြောင့် ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ရေစီးနဲ့ မျောပါ သေဆုံးသူတွေက အုတ်တွင်းမြို့နယ်၊ မြင်စုရွာက တယောက်နဲ့ ထန်းတပင်မြို့နယ်က တယောက်ဖြစ်တယ်လို့ ကနဦး သိရပါတယ်။
“ကုလားရွာဘက်မှာ ပိတ်မိသူတွေရှိနေတယ်။ ရှမ်းဝါးတီး၊ ဘန့်ဘွေးနဲ့ ချောင်းနားရွာက ရွာသားတွေတော့ စပြီး ရွှေ့ပြောင်း ကယ်ထုတ်နေကြပြီ။ ရေထပ်တက်ရင် မလွယ်တော့ဘူး။ အခုတောင် အရေးပေါ်အကူအညီတွေ လိုနေတယ်။ တပြိုင်တည်းဖြစ်ရင် ဒီမှာရှိတဲ့ ပရဟိတအင်အားနဲ့ မလုံလောက်နိုင်ဘူး။ တချို့နေရာတွေ လူတရပ်လောက်ရှိနေပြီ” လို့ မြေပြင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။
တောင်ငူ – ထန်းတပင်လမ်းပိုင်းရှိ သောက်ရေခပ်ဆည်ကနေ လက်ရှိအချိန်ထိ ရေလွှတ်နေတဲ့အပြင် မိုးကလည်း ရွာနေတာကြောင့် မြစ်ရေ ထပ်တိုးလာနိုင်တဲ့အတွက် အနိမ့်ပိုင်းက ကယ်ဆယ်ရေးလုပ်ဖို့ လိုအပ်တဲ့နေရာတွေကို ရွှေ့ပြောင်း ကူညီနေကြပြီလို့ သိရပါတယ်။
လက်ရှိမှာ မြစ်ရေ အတက်ကြမ်းနေတာကြောင့် တောင်ငူနဲ့ ထန်းတပင်လမ်းပိုင်းကိုလည်း သွားလာလို့ မရတော့သလို မုန်းမြို့မှာလည်း ရေအရမ်းတိုးနေတဲ့အတွက် ကားလမ်း ပျက်စီးမှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“မုန်းဘက်က နဂိုတည်းက ရေတက်ရင် ကြမ်းတယ်။ လမ်းတွေက သွားဖို့ခက်တယ်။ အခုလည်း လမ်းတွေ ပျက်စီးတယ်ဆိုတော့ ရေဝင်နေတဲ့နေရာကသူတွေ ခုကတည်းက ပြောင်းရွှေ့ဖို့လိုတယ်။ ရေတအားများမှဆိုရင် ကယ်ဆယ်ရေး လုပ်ရခက်တော့ အခက်တွေ့နိုင်တယ်” လို့ လူမှုကူညီရေး အသင်းဝင်တယောက်က ပြောပါတယ်။
အလားတူ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ အဆိုပါမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၅ ပေကျော် ကျော်လွန်နေပြီး နောက်တရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ မိုး/ဇရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မဒေါက်မြို့မှာ တာကျိုးရာမှ ဝင်ရောက်လာတဲ့ ရေတွေကြောင့် ပုံမှန် ရေနစ်မြုပ်ခြင်းမရှိတဲ့ အင်းချောင်ပိုင်း၊ ဝက်ကုန်းပိုင်း၊ မြို့မ (၁) ရပ်ကွက်တွေ ရေနစ်မြုပ်မှု ဆိုးရွားစွာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“ညောင်လေးပင် – မဒေါက် အဓိက ဆက်သွယ်ရေး ကားလမ်းမှာရော၊ မဒေါက်မြို့အထွက် တာကျိုးတဲ့ အပေါက်ရှေ့ ဓါတ်ဆီဆိုင်တွေရဲ့ ပတ်ပတ်လည်ကနေ စပြီး ရေကျော်နေတာ။ စက်လှေတွေနဲ့ သွားလာနေရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လက်ရှိမှာ စစ်တောင်းမြစ်ရေ ထပ်မံ မြင့်တက်လာနိုင်တဲ့ အခြေအနေကြောင့် တာကျိုးထားတဲ့ မြို့မ (၁) ရပ်ကွက်က အိမ်ခြေ ၁၀၀၀ ဝန်းကျင် အရေးပေါ်အခြေအနေ ကြုံတွေ့နေရတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ရွှေကျင်မြို့မှာလည်း ရွှေကျင်မြစ်ရေဟာ အဆိုပါမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ မိုး/ဇရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဒီကနေ မနက်ပိုင်းမှ စတင်ကာ ရွှေကျင်မြို့အဝင် လမ်းမကြီး ရေကျော်နေပြီး ရပ်ကွက်တွေအတွင်း ရေဝင်ရောက်နေပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါအပြင် တာချီလိတ်မြို့မှာလည်း ဒီကနေ့ ဇူလိုင် ၂၈ ရက်၊ မနက်ပိုင်းမှာ မယ်ဆိုင်ချောင်းရေ မြင့်တက်လျက်ရှိတဲ့အတွက် ဘေးလွတ်ရာကို ရွှေ့ပြောင်း နေထိုင်ကြဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ ဇူလိုင် ၂၈ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေဟာ တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာမှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း ၂ ပေခန့် ထပ်မံ မြင့်တက်လာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ မယ်ဆိုင်ချောင်းရေ တဖြည်းဖြည်း တိုးလာနေပြီး တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက်တွေအတွင်းကို ရေဝင်ရောက်လာတဲ့အတွက် ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဝမ်ကောင်း၊ ဆန်ဆိုင်း (က၊ ခ) နဲ့ မယ်ခေါင်ရပ်ကွက်တွေရဲ့ အနိမ့်ပိုင်း နေအိမ်တွေအတွင်း ဒီကနေ့ မနက် ၃နာရီခွဲဝန်းကျင်မှ စတင်ကာ မယ်ဆိုင်ချောင်းရေ စတင် ဝင်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် ဘားအံမြို့မှာလည်း မိုးရွာသွန်းမှု များပြားပြီး သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှစတင်ကာ လက်ရှိအချိန်အထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လျက်ရှိသလို၊ မွန်ပြည်နယ်၊ သထုံမြို့က မော်လမြိုင် – ရန်ကုန်ကားလမ်းနဲ့ မြေနိမ့်ပိုင်း ရပ်ကွက်တချို့မှာလည်း မနေ့ ဇူလိုင် ၂၇ ရက်၊ မနက်ပိုင်းမှ စတင်ကာ ရေဝင်ရောက်မှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
Photo – CJ
