မော်စကို၊ ဇူလိုင်-၂၈-၂၀၂၅
ရတီ(VOM)
ရုရှားလေကြောင်းလိုင်း Nordwind Airlines ဟာ မော်စကိုနဲ့ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ စတင်ပျံသန်းနေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ မြို့တော်နှစ်ခုအကြား နှစ် ၃၀ အတွင်း ပထမဆုံးသော ပုံမှန်လေကြောင်းခရီးစဉ်ဖြစ်ပြီး ပထမဆုံးခရီးစဉ်မှာတော့ မြောက်ကိုရီးယားနိုင်ငံသား အများအပြားပါဝင်ခဲ့ပါတယ်။ လေကြောင်းလိုင်းဟာ တလတကြိမ် ဒီခရီးစဉ်ကို ပျံသန်းမယ်လို့ ဆိုပါတယ်။ ခရီးသွားချိန် ၈ နာရီကြာမြင့်မယ်လို့ ဆိုပါတယ်။ လေယာဉ်လက်မှတ် စျေးနှုန်းကတော့ ဒေါ်လာ ၅၆၀ ဖြစ်ပါတယ်။
လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲမှုဟာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာမှုကို ဖော်ပြနေတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ နှစ်နိုင်ငံဟာ ဘက်စုံမဟာဗျူဟာ မိတ်ဖက်သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ဆက်ဆံရေး ပိုမိုနီးကပ်ခဲ့ပါတယ်။
လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲမှုအပြင် နှစ်နိုင်ငံအကြား ကုန်းလမ်းကနေ ဆက်သွယ်ဖို့အတွက် လမ်းတံတား တစင်းတည်ဆောက်မှုကိုလည်း စတင်နေပြီလို့ မကြာသေးခင်လတွေအတွင်း နှစ်နိုင်ငံတာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားထားပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားကို ကူညီဖို့ တပ်ဖွဲ့ဝင်သောင်းနဲ့ချီ စေလွှတ်ခဲ့သလို စစ်လက်နက် ခဲယမ်းမီးကျောက်တွေလည်း ထောက်ပံ့ခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားဟာ ရုရှားဆီကနေ ဒုံးကျည်နဲ့ ဒရုန်းနည်းပညာတွေ ရရှိခဲ့တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
Ref:NHK
Photo:Getty Images
