ရေနီမြောင်း ချိုဆိမ့်(၁)

ဆူးငှက်
တစ်နှစ်က ကျွန်တော့်ဆရာသမားများနှင့် အမရပူရ တောင်သမန်အင်း ဦးပိန်တံတားကို ဖြတ်လျှောက်ကြရင်း တောင်သမန် ကျောက်တော်ကြီးဘုရားကို သွားဖူးကြသည်။ ထိုအချိန်က တောင်သမန် ဦးပိန်တံတား အရှေ့တိပ်တွင် အခုလိုဈေးဆိုင်များနှင့် မစည်ကားသေး။ တံတားထိပ်မှာ ထန်းရွက်တဲကလေးနဲ့ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ရှိသည်။ မျက်နှာ ချင်းဆိုင်မှာ အကြော်ဖိုလေး တစ်ဆိုင်ရှိသည်။
အကြော်ဖိုမှာက တောင်သမန် ငါးလေးတွေ ကြော်နေလေရဲ့။ ထိုဆိုင်နှစ်ဆိုင်ကလွဲလျှင် အခြားစားသောက် ဆိုင်များမရှိ။ တောင်သမန် ကျောက်တော်ကြီးဘုရားသို့သွားသော လှည်း လမ်းဘေးမှာက ထန်းပက်လက်ကုလားထိုင်တွေ၊ ထန်းခေါက်တောင်း တွေ ရက်နေကြသူများရှိ၏။ ထန်းလက်များကို နွှာလိုက်၍ ထန်းလျှော်နံ့ သင်းသင်းကလေးက လမ်းတစ်လျှောက် မွှေးပျံ့နေသည်။ ထန်းခေါက် တောင်းတဲကလေးများနောက်မှာ တောင်သမန် ထန်းတောကြီးရှိသည်၊ အမရပူရခေတ်ဟောင်းလက်ကျန် မေဃဝတီတောင်သမန် ကျောင်းတိုက်ကြီး၏ တံတိုင်းအပြိုအပျက်ကြီးရှိသည်။ ပြီးတော့ မန်ကျည်းပင်တန်းကြီးရှိသည်။ တပဲပဲနှင့် ဖုန်ထောင်းထောင်းထအောင် ဖြတ်သွားသော ဆိတ်အုပ် တစ်အုပ်တလေရှိသည်။
ကျွန်တော်တို့သည် တောင်သမန် ကျောက်တော်ကြီးဘုရား တစ်နေရာရောက်တော့ အုန်းမုန့်ခွက်နှင့်သောက်ရသော သောက်ရေ အေးအေးတစ်ခွက်စီ သောက်ကြပြီး၊ အုတ်ရေအိုးစင်၏ ရေအိုးအောက်ခြေမှ သဲမြေပေါ်ကြံထားသည့် စပါးစေ့လေးတွေမှ အညှောက် ပေါက်ထွက်လာသော စပါးပင်စိမ်းစိမ်းလေးတွေအပေါ် သောက်ရေကျန် အေးအေးလေးတွေ လောင်းခဲ့ကြသည်။ တောင်သမန်ဘုရား နိဗ္ဗာန်ဆော်ကြီးနှင့် အာလာပ သလ္လာပ စကားပြောခဲ့ကြသည်။ တောင်သမန်၏ နာမည်ကျော်နံရံဆေးရေး ပန်းချီများကို မော့ကြည့် လျှောက်ကြည့်ခဲ့ကြသည်။ တောင်သမန် ကျောက်တော်ကြီးဘုရား၊ ဂန္ဓကုဋီထောင့်မှ အချိုးအစားကျနလှသော မနုဿီဟကြီးများကို ပွတ်သပ်ကြည့်ကာ စိန်ပန်းပင်ရိပ်ကြီးများအောက် ခိုနားခဲ့ကြ၏။ ချမ်းမြေ့လှပါဘိကောင်း။
သို့သော် ထိုချမ်းမြေ့မှုကို ရယူနိုင်သည်က တဒင်္ဂ၊ တစ်ခဏသာ။ အခုလောက်ဆိုလျှင် အင်းတစ်ဘက်ခြမ်း တောင်လေးလုံး ကျောင်းတိုက်မှာ စောင့်ကျန်ရစ်သော ကားဆရာက တမျှော်မျှော်ရှိလှရောပေါ့။ အကယ်၍ ခရီးတာအကွာအဝေးနီးလျှင် ဟွန်းတပေါ်ပေါ် နိပ်ကာ လူခေါ်နေရော့မည်။ လွတ်လပ်မှု၊ အေးချမ်းမှု၊ သစ်ဆန်းမှု၊ သဘာဝရေမြေနှင့် ဘုရားကျောင်း ကန်အရိပ်မှာ မြို့ကြီးပြကြီး ကွန်ကရစ်တောထဲ ပိတ်ညှပ်နေရသော ကျွန်တော့်ဆရာသမားများ နှလုံးစိတ်ဝမ်း အေးချမ်းပေလိမ့်မည်။ စိတ်ရှိ လက်ရှိ နေချင်ပေ လိမ့်ဦးမည်။ သို့သော် ထိုချမ်းမြေ့မှုကို ရယူနိုင်သည်က တဒင်္ဂ၊ တစ်ခဏသာ။
မကြာမီ မြို့ပြ၏ မီးခိုးအိတ်ဇောငွေ့ တွေ မွှန်ထူနေမည့်အပြင် လူနံ့နံနေသော တည်းခိုခန်း အခန်းကျဉ်းကျဉ်းကလေးတွေဆီ ပြန်ရပေမည်။
ထိုအခါ ကျွန်တော်တို့၏ တောင်သမန် ကျောက်တော်ကြီးဘုရား ပရိဝုဏ်ရှိ စိန်ပန်းပင်ကြီးတွေအောက် သစ်သားကွပ်ပျစ်ပေါ်မှ မဆင်းချင် ဆင်းချင်ဆင်းကာ လာလမ်းအတိုင်း ပြန်ခဲ့ကြရ၏။ ဟိုး … အနောက်ဘက် မင်းဝံတောင်တန်းနောက် လျှောဆင်းမည့် နေလုံးနီနီက တောင်သမန်အင်း ရေပြင်မှာ အရိပ်ထင်နေသည်။ ကျွန်တော်တို့ ခပ်သွက်သွက်လှမ်းလိုက်ကြ၏။ ဦးပိန်တံတားအတက် အုတ်လှေကားနှစ်ထစ်လောက်ရောက်တော့ ကျွန်တော့်ဆရာတစ်ယောက် ရုတ်ခြည်းရပ်ကာ တံတားထိပ်မှ လက်ဖက် ရည်ဆိုင်လေးဆီ မျှော်ကြည့်၏။
ထန်းရွက်အသစ်လေး မိုးထားပေမင့် တောမျှောသားများက မီးခိုးဝကာ မည်းညစ်နေ၏။ ဆိုင်ထဲမှာ ရသေ့ ကျောင်းခေါ် ခုံရှည်အိုကြီးနှစ်လုံး မျက်နှာချင်းဆိုင် ချထားပြီး အလယ်မှာ ကျားကန်ရိုက်ထားသည့် ယိုင်နဲ့နဲ့ စားပွဲအိုတစ်လုံးပဲရှိသည်။ စားပွဲမှာ ခပ်ပိန်ပိန်ရေနွေးကရားမှ ရေနွေးကိုငှဲ့ကာ နှုတ်ခမ်းပဲ့အကြမ်းပန်းကန်လုံးဖြင့် ရေနွေးသောက်နေကြသော တောင်သမန်ရွာသားကြီး နှစ်ယောက်ရှိသည်။ လက်ဖက်ရည်ဆိုင်၏ မီးဖိုလေးက မီးခိုးအူအူထနေ၏။
ကျွန်တော့်ဆရာလည်း ဦးပိန်တံတားအတက် အုတ်လှေကားမှာ ရပ်ရင်း လက်ဖက်ရည်ဆိုင်လေးဆီ မျှော်နေပုံက လမင်းကြီးကို မျှော်ကြည့်ရင်း “ထမင်းဆီဆမ်း ရွှေလင်ပန်းနှင့်ပေးပါ၊ ဝါ၊ ဝါ၊ ဝါ” ဟု မရမှန်း သိလျက် တောင်းခံနေသောကလေးတစ်ယောက်နှင့် တူလှချေသေး၏။ မကြာမီ နေဝင်တော့မည်။ အရေးကြီးဆုံးက တောင်လေးလုံးကျောင်းက စောင့်နေမည့်ကားဆီ မြန်မြန်ရောက်ရေးပဲ မဟုတ်ပါလား။
“သွားကြရအောင်ဆရာ” ဟု ကျွန်တော့်အပြောမှာ ဆရာသည် ရုတ်ခြည်းဆုံးဖြတ်ချက်ချလေဟန်ဖြင့် ..
“ခင်ဗျားတို့ပြန်နှင့်ကြတော့ဗျာ၊ ကျွန်တော် ထန်းရွက်နံ့သင်းသင်းလေးနဲ့ ချိုရဲရဲ တောလက်ဖက်ရည်လေးကို စိမ်ပြေနပြေ အရသာခံသောက် လိုက်ဦးမယ်။ ကျွန်တော် ဒီနေ့ည ကိုပညာကျောင်းမှာပဲ ဖြစ်သလိုအိပ်မယ်ဗျာ၊ ခင်ဗျားတို့သွားတော့…” တဲ့။ ပြောပြောဆိုဆို ကျွန်တော့်ဆရာသည် အားလုံးကို သံယောဇဉ်ပြတ်သည့်ဟန်ဖြင့် သုတ်ခနဲ လက်ဖက်ရည်ဆိုင်ထဲ ဝင်သွားတော့၏။
ကျွန်တော်တို့ ဆရာ့ကို နားလည်စွာဖြင့် ထားခဲ့ကြရသည်။
ကျွန်တော်တို့ထဲက ဘယ်သူရော တောလက်ဖက်ရည်ဆိုင်လေးထဲ နေရစ်ကြမည်နည်း။ သေချာသည်မှာ ကျန်လူများသည် မန္တလေးသို့ မပြန်မဖြစ် ပြန်ကြရမည့်လူချည်း မဟုတ်ပါလား။
သည်တုန်းက ထန်းရွက်နံ့သင်းသင်းနှင့် တောလက်ဖက်ရည် ချိုရဲရဲကို ရသေ့ကျောင်းခုံရှည်ပေါ် အားပါးတရ ထိုင်ကာ တစိမ့်စိမ့် သောက်ရင်း ပွင်းလင်းလွတ်လပ်စွာ စကားပြောရသည့် အရသာကို မသိခဲ့ရိုးအမှန်ပါ။
(ဆက်ရန်)

Related posts

Leave a Comment

VOM News

FREE
VIEW