ရေနီမြောင်း ချိုဆိမ့် (၂)

ဆူးငှက်
ကျွန်တော်တို့သည် လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုနှင့် ယဉ်ပါးလာကြသည်မှာ နှစ်ကာလအတန်ကြာပေပြီ။ ဆက်လက်၍လည်း ယဉ်ပါး နေကြဦးမည်သာဖြစ်၏။
နေ့စဉ်ရက်ဆက် လက်ဖက်ရည်ဆိုင်များနှင့် ရင်းနှီးကျွမ်းဝင်နေရသောကြောင့် “နီးလွန်းသဖြင့် မမြင်” ဟု ပြောရမလို ဖြစ်သည့်ကိစ္စမှာ လက်ဖက်ရည်ဆိုင်အခင်းအကျင်းများပင် ဖြစ်ပါ၏။ ကနဦးထိုင်ခဲ့ဖူးသော လက်ဖက်ရည်ဆိုင်များမှာ လက်ဖက်ရည်ကောင်းခြင်း မကောင်းခြင်းအပထား မိမိအိမ်နှင့်နီးသော ရပ်ကွက်တွင်းရှိ လက်ဖက်ရည်ဆိုင်များဖြစ်ပါ၏။
ရပ်ကွက်တွင်း ဆိုင်များဖြစ်သောကြောင့် ရသေ့ကျောင်း တန်းလျားခုံကြီးများ၊ စားပွဲကြီးများနှင့်ပဲ ဖြစ်ပါလိမ့်မည်။ ထို့နောက် အနည်းငယ် အသက်လေး ရလာတော့ လက်ဖက်ရည်ကောင်းကို ရွေးချယ် တတ်လာသောကြောင့် နာမည်ကြီး လက်ဖက်ရည်ဆိုင်ကြီးများဆို ရောက်ရပါသည်။ ထိုဆိုင်များကား လူစည်လှသောဆိုင်များမို့ ရပ်ကွက်ထဲကဆိုင်လို ရသေ့ကျောင်းခုံရှည်ကြီးများဖြင့် နေရာမပေးနိုင်တာ သေချာပါသည်။ တစ်ယောက်ထိုင် ကျောမှီပါ ကုလားထိုင်များနှင့်ပေါ့။
တချို့ မြို့လယ်ဆိုင်များကတော့ မှတ်မိပါသေးသည်။ ကျောမှီ ကုလားထိုင်များနှင့်အတူ ကျောက်စားပွဲကြီးများနှင့် ဖြစ်တတ်ပါ သည်။ ဤသို့သော စားပွဲကုလားထိုင်များဖြင့် သက်သောင့်သက်သာထိုင်ကာ တိပ်ရီကော်ဒါကြီးများမှ မင်းမင်းလတ်သီချင်း၊ စိုးပိုင် သီချင်းများ တရှိုက်မက်မက် စိမ်ပြေနပြေ နားထောင်ခဲ့ရပါသည်။ ဤအဆင်အပြင်မျိုးဖြင့် လက်ဖက်ရည်ဆိုင်များကို ကာလကြာရှည်စွာ ထိုင်ခဲ့ရပါသည်။
နောက်တော့ လက်ဖက်ရည်ဆိုင်များက ကျောမှီကုလားထိုင်များဖြင့် ဝန်ကျယ်နေရာယူမှုကို ဝန်းကျဉ်းစရိတ်ကျဉ်းသော သစ်သား ခွေးခြေခုံလေးများဖြင့် အစားထိုးလာတော့သည်။ ကျောမှီမပါသောကြောင့် ခွေးခြေခုံ လေးများပေါ်မှာ ကြာရှည်မထိုင်နိုင်ကြပါ။ ထို့ပြင် ယခင်က စားပွဲတစ်လုံးတွင် ကျောမှီကုလားထိုင်ဖြင့် ၄ ယောက်သာ ချောင်ချိသက်သာစွာ ထိုင်နိုင်သော်လည်း ခွေးခြေခုန်ကလေးများနှင့် ဆိုတော့ ၆ ယောက်မှ ၈ ယောက် အထိ တိုးတိုးဝှေ့ ထိုင်နိုင်ပါသည်။ ယခုတော့ ထိုသစ်သားခွေးခြေခုန် လေးနေရာတွင် ပိုမိုဝန်ကျဉ်းပေါ့ပါး သည့် ပလတ်စတစ်ခွေးခြေများ အစားထိုးလာတော့ ကိုယ်ဖော့ပညာဖြင့် မရဲတရဲ ထိုင်ရတော့သည်။
လက်ဖက်ရည်ဆိုင်၏ နေရာထိုင်ခင်း အကျယ်အဝန်းကို ထပ်မံ ချုံ့လာကြပြန်တော့ လမ်းဘေး ပလက်ဖောင်းပေါ် (သို့မဟုတ်) ဝင်းခြံ အနားကပ်ကာ ခင်းကျင်းရသောကြောင့် စားပွဲအမြင့်များအစား ၁ ကိုက်သာသာ စားပွဲပုကလေးများမှာ တစ်မိုက်သာသာ ထိုင်ခုံ ပုကလေးများဖြင့် ကျုံ့ကျုံ့ရှုံ့ရှုံ့ ထိုင်ကြရပြန်သည်။
ထို့ပြင် ငယ်စဉ်ကာလ ရပ်ကွက်အတွင်းဆိုင်မှာ ရသေ့ကျောင်းခုံ ရှည်ကြီးပေါ် ခြေပစ်လက်ပစ်ထိုင်လိုထိုင်၊ ခြေဆင်းထိုင်လိုထိုင်၊ ကျောမှီပေါ် ခပ်မတ်မတ်မှီလိုမှီ၊ လျော့ရဲရဲ မှီလိုမှီ ပေါ့ပါးစွာနေထိုင်ပြီး ဟံသာဝတီ သတင်းစာ ရှေ့ချကာ ရပ်ရေးရွာရေး၊ မြို့ရေးပြရေးမှအစ တိုင်းရေးပြည်ရေး အလယ် ကမ္ဘာကုန်ကျယ်သရွေ့ကို ကိုယ့်ရပ်သူရွာသားချင်း ပြောဆိုငြင်းခုံခဲ့ကြသည့် အရသာသည် ကျောမှီပါ ကုလားထိုင်မှသည် ခွေးခြေခုံအလယ်၊ ထိုင်ခုံပုလေးအထိ တိုးဝှေ့ကပ်သပ်ကာ တစိမ်းတရံစာများနှင့် ပူးတွဲထိုင်ကြရလို့ အပြောအဆို အနေအထိုင် သိပ်သည်းကျစ်လျစ် အနေကျုံ့ရတော့သည်။
ဤကဲ့သို့သော လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုကို ပုံစံကျ နှစ်ရှည်လများ ဖြတ်သန်းလာရသောအခါ ကျွန်တော့်ဆရာသည် တောင်သမန်အင်း အရှေ့ထိပ်က ထန်းရွက်နံ့သင်းသော တောလက်ဖက်ရည်ဆိုင်လေးကို ထူးကဲစွာ အာရုံရမိခြင်းလည်း ဖြစ်ပါ၏။
ထို့ပြင် မြို့ပြလက်ဖက်ရည်ဆိုင် စားပွဲများပေါ်မှ နီရဲရဲဆော့ဘူးများ၊ ဒီဇိုင်းဆန်း စီးကရက်ပလတ်စတစ်အိတ်များ၊ ညှီစို့စို့ အသားပေါင်းနှင့် ပေါက်စီရနံ့များ၊ လက်ဖက်ရည်စားပွဲပေါ် ထိုးဖောက် နေရာယူလာသည့် ဟန်ကြီးပန်ကြီးနိုင်လှသော မုန့်ဟင်းခါး၊ မုန့်တီပန်းကန်နှင့် စိမ်းစိမ်း၊ ဝါဝါ၊ နီနီရဲရဲ အကြော်လှော်များကို အီနောက်မူးဝေနေပြန်တော့ တောလက်ဖက်ရည်ဆိုင်စားပွဲပေါ်မှ ခပ်ပိန်ပိန် ရေနွေးကရား၊ နှုတ်ခမ်းပဲ့ မြေအကြမ်းပန်းကန်၊ ပလတ်စတစ်အိတ်စွပ်ထားသော နန်ကထိုင်နှင့် ဗန်းမုန့် များကို ပြန်လည်တမ်းတခြင်းလည်း ဖြစ်ပါသည်။
ထန်းသီးမှုတ်သာသာ လက်ဖက်ရည်ပန်းကန် ပိစိကွေးလေးထဲ တစ်ဝက်လောက်သာပါသည့် ဇွန်းတပ် ရှယ်လက်ဖက်ရည်ကို မဝတာလည်း ပါမည်။ ထို့ကြောင့် ဧည့်ခံ ရှေးလက်ဖက်ရည်ပန်းကန်ကြီးထဲ လက်ဖက် ရည်အပြည့်အလျှံကို အောက်ခံပန်းကန်ပြားထဲ ငှဲ့၍လောင်းကာ အားပါးတရ သောက်ချင်လို့လည်းဖြစ်မည်။
ထိုမျှသာမက ကျွန်တော့်ဆရာသည် တမာပွင့်ရနံ့သင်းသော ထန်းရွက်သစ်ရနံ့သင်းသော အညာရနံ့ကို ခံစားကာ ကျေးတော သားကြီးများနှင့် စကားဖောင်ဖွဲ့ပြီး ရွာဓလေ့ ရွာစရိုက်များ နှိုးထချင်လို့လည်း ဖြစ်မည်။ သူသည်လည်း ကျေးတောကတက်ကာ မြို့ပြမှာ တစ်ဝမ်းတစ်ခါး ရှာဖွေနေရသည့် မြန်မာစာပြ ဆရာတစ်ယောက်ပဲ မဟုတ်ပါလား။ အိမ်လွမ်းရသ တွေ ရှိမှာပေါ့။
ထိုစဉ်အခါက ဆရာ၏ တောလက်ဖက်ရည် ချိုရဲရဲ အရသာကို မခံစားမိခဲ့။ ခံစားမိဖို့အနေသာ ဆရာ့ကိုပင် ကဲလွန်းလှချည့်ဟု ပြစ်တင် စောမိချေသေး၏။
(ဆက်ရန်)
#voiceofmyanmar #VOM #ဆူးငှက် #​ရေနီ​မြောင်း

Related posts

VOM News

FREE
VIEW