ဇူလိုင် ၂၉ – ၂၀၂၅
SN (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း) က မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရပ်စောက်၊ အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေ၊ ပင်းတယ၊ ပင်လောင်း၊ ရွာငံ၊ တောင်ကြီး စတဲ့ နေရာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး တံတားနဲ့ နေအိမ်တွေ ပျက်စီးတာအပြင် လမ်းပေါ် ရေကျော်နေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ရပ်စောက်မြို့နယ်အတွင်းမှာ မနေ့ ဇူလိုင် ၂၈ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် ဇော်ဂျီချောင်း ရေကြီးမှုဖြစ်ပွားကာ ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်နဲ့ ဥတ္တားရပ်ကွက်တို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်ရှိ အိမ်ခြေ ၃၇ အိမ်၊ အိမ်ထောင်စု ၃၇ စု၊ ဥတ္တားရပ်ကွက်ရှိ အိမ်ခြေ ငါးအိမ်၊ အိမ်ထောင်စု ငါးစုတို့ကို မြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတွေက ဇော်ဂျီရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားခန်းမကို ကူညီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မနေ့ ဇူလိုင် ၂၈ ရက်က ရပ်စောက်မြို့နယ်ထဲက ရပ်စောက် – ပင်းတယလမ်းပိုင်းရှိ ကောင်းဘို့ – ဖနန်သိမ်ကုန်းတံတား ရေစီးနဲ့မျောပါပြီး လုံးဝ ပျက်စီးသွားသလို ရပ်စောက်နဲ့ ပင်းတယကို ဆက်သွယ်ထားတဲ့ တံတားတစင်းဖြစ်တဲ့ မိုင်းအင်းတံတားလည်း ရေတိုက်စား ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒါအပြင် ပင်းတယက ဖောင်းပြားရွာနဲ့ မြေနီကုန်းရွာကို ဆက်သွယ်ထားတဲ့ တံတားနဲ့ မြောက်ရွှေပုထိုးရွာ၊ ဂုတ်ကြီး ချောင်းကူးတံတားလည်း ရေတိုက်စား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“လက်ရှိကတော့ တံတားတွေ ပျက်စီးကုန်လို့ သွားရေးလာရေး ခက်ခဲနေတယ်။ ရပ်စောက်နဲ့ ပင်းတယကို ကုန်တွေ သယ်ယူ ပို့ဆောင်ပေးနေတဲ့သူတွေ အခက်တွေ့ကြမှာ။ တကွေ့တပတ်ကြီး ပတ်သွားရတော့မှာ။ ရွာငံ – မန္တလေးလမ်း၊ အောင်ပန်းကနေ ရွာငံ မရောက်ခင်နားမှာလည်း ရေကျော်နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
မနေ့ ဇူလိုင် ၂၈ ရက်၊ မနက်ပိုင်းတပိုင်းလုံး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရွာငံ – အောင်ပန်းလမ်းပိုင်း၊ ရွာငံမြို့နယ်၊ မြိုင်စံပြကျေးရွာ မြောက်ဘက်နဲ့ တောင်ဘက်က ချောင်းနှစ်ခုလုံး လမ်းပေါ်ရေကျော်နေပြီး လက်ရှိအချိန်အထိ လမ်းဖြတ်ကူးလို့ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ (ဇူလိုင် ၂၈ ရက်) က မနက်အစောပိုင်း သွားကြည့်ဖြစ်သေးတယ်။ အဲဒီအချိန် ရေက တက်စပါပဲ။ နေ့လယ်ပိုင်းကျတော့ လမ်းတခုလုံးပြည့်ပြီး ရေအတက်ကြမ်းလာလို့ လုံးဝ ဖြတ်မရတော့ဘူး။ ဒီနေ့ (ဇူလိုင် ၂၉ ရက်)၊ မနက် ၁၁ နာရီလောက်မှာတော့ ရေကျော်နေတာက လက်ရှိ ရေရဲ့အနက်က ၁ ပေလောက် ကျန်ပြီး ရေစီးနေသေးတယ်။ ဒါကြောင့် ဖြတ်မရသေးပါဘူး” လို့ ရွာငံဒေသခံက ပြောပါတယ်။
ဒါအပြင် ရွာငံမြို့နယ်၊ မြိုင်စံပြကျေးရွာရဲ့ တောင်ဘက်နဲ့ အောင်ပန်းလမ်းပိုင်း တနေရာမှာလည်း ရေတိုက်စားမှုကြောင့် လမ်းသား ပျက်စီးနေပြီး ကားတွေ ဖြတ်သန်းသွားလာလို့ မရတော့တဲ့အတွက် လက်ရှိမှာတော့ ကားတွေ သွားလာရ လွယ်ကူအောင် ယာယီလမ်း ပြုလုပ်ပေးနေတယ်လို့ သူက ပြောပါတယ်။
အလားတူ ညောင်ရွှေမြို့ ရပ်ကွက် တချို့မှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့၊ ညပိုင်းကစပြီး တောင်ကျချောင်းရေ စီးဆင်းလာတာကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ အင်းလေးဒေသနဲ့ ပင်လောင်းမြို့နယ် အနိမ့်ပိုင်း ရပ်ကွက်တို့တွေမှာလည်း ရေဝင်ရောက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့ မိုးမရွာတော့ပေမယ့် မနေ့က ရွာထားသမျှ မိုးရေတွေ အင်းထဲကို အလုံးအရင်းနဲ့ စီးဝင်နေတာပါ။ ဒါကြောင့် အင်းထဲမှာ မနေ့ကထက် ၄ လက်မလောက် ရေထပ်တက်လာတယ်။ ဒါကြောင့် ရေထပ်မတိုးခင် ဒေသခံတွေ အနေနဲ့ အချိန်မီ ရွှေ့ပြောင်းထားဖို့ လိုပါတယ်” လို့ လူမှုကူညီရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။
ဒါအပြင် ရွှေအင်းတိန်ဘက်မှာလည်း ရေကြီးနေပြီး ရွှေအင်းတိန်ဈေးထဲ ရေဝင်ရောက်နေပြီ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အလားတူ တောင်ကြီးမြို့မှာလည်း မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ကျီးဖြူကန် ရေပြည့်ရေလျှံနေပြီ ဖြစ်တဲ့အတွက် ရွှေညောင်က ဒေသခံတွေအနေနဲ့ သတိပြုဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒါအပြင် တောင်ကျရေအန္တရာယ် ဆိုးရွားစွာ ကြုံတွေ့ခဲ့ရတဲ့ ပင်းတယမြို့မှာလည်း မနေ့ ဇူလိုင် ၂၈ ရက်၊ ညပိုင်းအထိ ရရှိထားတဲ့ စာရင်းတွေအရ ရေဘေးကြောင့် သေဆုံးသူ ရှစ်ယောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ရှမ်းပြည်နယ် (တောင်ပိုင်း) ရေကြီးမှု ဖြစ်စဉ်အတွင်း ကလော၊ ပင်းတယ၊ အောင်ပန်း၊ ပင်လောင်းမြို့တွေမှာ ရေတွေ ကျဆင်းနေပြီဖြစ်ကာ သန့်ရှင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ