STUM အဖွဲ့ ဦးဆောင်သူ ဖမ်းဆီးခံရပြီးနောက် အဖွဲ့ဝင် ခုနှစ်ယောက် ထပ်မံ ဖမ်းဆီးခံရ

ဇူလိုင် ၂၉၊ ၂၀၂၅
GG(VOM)
အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ STUM အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဇူလိုင် ၂၈ ရက်နေ့ညပိုင်းမှာ သမီးဖြစ်သူ မခြူးသွယ် နဲ့အတူ ​နောက်ထပ် STUM အဖွဲ့ဝင်ခြောက်ယောက်လည်း ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ သိပါတယ် ။
ဇူလိုင် ၂၈ ရက်နေ့ညပိုင်းမှာ ရွှေပြည်သာမြို့နယ်ရှိ STUM ရုံးမှာ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရတဲ့အထဲ မခြူးသွယ်အပါ အမျိုးသမီး လေးယောက်နဲ့ အမျိုးသား သုံးယောက်တို့ဖြစ် တယ်လို့ ကနဦးသိရပါတယ်။
” နေ့ခင်းအထိ ကျွန်တော်တို့နဲ့အဆက်အသွယ်ရသေးတယ်။ ဒီနေ့မနက်ရောက်မှ မခြူးလည်းထပ်အဖမ်းခံရတယ်သိရတာ။ သူ့အမေ အဖမ်းခံရတော့ လိုက်စုံစမ်းနေတာကို အခု သူပါထပ်အဖမ်းခံရတယ်။ သူ့အမေ အန်တီမျိုးကလည်း ဘာလို့အဖမ်းခံရတယ်မသိရသေးဘူး အခုသမီးပါထပ်ဖမ်းခံရတယ်။” လို့ အလုပ်သမား အရေးဆောင်ရွက်သူတယောက်ကပြောပါတယ်။
လက်ရှိမှာ မခြူးသွယ်နဲ့ STUM အဖွဲ့ဝင် တွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အတိကျမသိရသေးဘူးလို့သိရပါတယ်။
အမေဖြစ်သူ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကိုတော့ ဇူလိုင် ၂၅ ရက်နေ့ညပိုင်းမှာ ရွှေပြည်သာ၊နဝရတ်လမ်းရှိ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။
ဒေါ်မျိုးမျိုးအေးကို ဖမ်းဆီးခံရတဲ့အကြောင်းနဲ့ ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်ပြတ်နေကြောင်းကို ဇူလိုင် ၂၇ ရက်နေ့မှာ သမီး ဖြစ်သူမခြူးသွယ်က သူရဲ့ လူမှုကွန်ယက်စာမျက်နာကနေ အသိပေးခဲ့ပါတယ်။အဲဒီနောက်ရက် ၂၈ မှာ မခြူးသွယ်လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။
ယခုလို STUM ဦးဆောင်သူဒေါ်မျိုးမျိုးအေးနဲ့ သမီးဖြစ်သူအပါ STUM အဖွဲ့ဝင်အချို့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းနဲ့ပတ်သက်ပြီး နစကဘက်ကတော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးဘူးလို့သိရပါတယ်။

Related posts

VOM News

FREE
VIEW