ပေကျင်း၊ ဩဂုတ်-၁-၂၀၂၅
ရတီ(VOM)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချုံကင်းမြို့မှာ ၄၀ ဒီဂရီစင်တီဂရိတ်ကျော်ထိ ပူပြင်းမှုတွေ ရက်အတန်ကြာ ဖြစ်ပွားနေတာကြောင့် မြို့ခံတွေဟာ အပူဒဏ်ရှောင်ရှားရေးနဲ့ လျော့ပါးသက်သာရေး ဖြေရှင်းနေရပါတယ်။
“နှစ်တိုင်း ပိုပူလာနေတယ်” လို့ အသက် ၆၀ အရွယ် မြို့ခံတယောက်က ပြောပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မွန်းလွဲအပူချိန် မြင့်တက်လာချိန်မှာ သူဟာ မြေအောက်ရထားဝင်ပေါက်အတွင်း လေအေးပေးစက်ဖွင့်ထားတဲ့ နေရာမှာ အခြားသူ အငြိမ်းစား ၁၀၀ နဲ့အတူ အပူရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံတဝန်းမှာ စံချိန်တင်အပူချိန်တွေကြောင့် လျှပ်စစ်သုံးစွဲမှု တနေ့တည်း ကီလိုဝပ် ဘီလီယံ ၁.၅ ကျော်သွားပြီး ဇူလိုင်လတလအတွင်း စံချိန်သစ် လေးကြိမ်တိုင်တိုင် ချိုးဖျက်ခဲ့ပါတယ်။ ဇူလိုင် ၃၁ ရက် နေဝင်ချိန်မှာတော့ အပူရှောင်ဖို့အတွက် ယန်ဇီမြစ်ကမ်းစပ်သို့ ရေလာကူးသူတွေ ပြည့်နှက်နေပါတယ်။
တပတ်ကြာချိန်ထိ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် အထက် အပူချိန်တွေကြောင့် ချူံကင်းမြို့မှာ ဇူလိုင် ၃၁ ရက်မှာ အပူလှိုင်း သတိပေးချက်ကို အမြင့်ဆုံး အနီရောင်အဆင့်သို့ တိုးမြှင့်ခဲ့ပါတယ်။ မြို့နယ် ၃၈ ခုအနက် ၂၁ ခုတွင် ၄၃ ဒီဂရီစင်တီဂရိတ် အထိ ရောက်ရှိနိုင်ပြီး တနင်္ဂနွေနေ့မှာ ၄၄ ဒီ့ဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။
လူဦးရေ ၃၂ သန်းနီးပါးရှိတဲ့ ချုံကင်းမှာ ယခင်နှစ် ဇူလိုင်လမှာ အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ် ကျော်ခဲခြင်းမရှိခဲ့ပေမယ့်လည်း ယခုနှစ်မှာတော့ အပူချိန်သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ မေလမှစတင်ကာ ၃၅ ဒီဂရီစင်တီဂရိတ် ကျော်တဲ့ နေ့ရက်အရေအတွက်ဟာလည်း သမိုင်းတလျှောက် ပျမ်းမျှထက် နှစ်ဆပိုများနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီအတောအတွင်းမြို့တော်ပေကျင်းနဲ့ ဝန်းကျင်ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၄၀ ကျော်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:Reuters
