ရုရှား-တရုတ် ရေတပ်ပူးပေါင်းလေ့ကျင့်မှု ဂျပန်ပင်လယ်မှာ စတင်

မော်စကို၊ ဩဂုတ်-၄-၂၀၂၅
မျိုးဆက်(VOM)
တရုတ်နဲ့ ရုရှား ရေတပ်တွေ ပူးပေါင်းလေ့ကျင့်မှုတွေကို သြဂုတ် ၃ ရက်နေ့မှာ ဂျပန်ပင်လယ်မှာ စတင်ခဲ့ပါတယ်။ ဒီလေ့ကျင့်မှုဟာ အမေရိကန်ရဲ့ လှုပ်ရှားမှုတွေကို တန်ပြန်ဖို့နဲ့ နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
“Joint Sea-2025” လေ့ကျင့်မှုကို ရုရှားဆိပ်ကမ်းမြို့ ဗလာဒီဗော့စတော့ အနီးက ပင်လယ်ပြင်မှာ သုံးရက်ကြာ ကျင်းပမှာဖြစ်တယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ပါတယ်။ ဒီလေ့ကျင့်မှုမှာ ရေငုပ်သင်္ဘောကယ်ဆယ်ရေး၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး၊ လေကြောင်းကာကွယ်ရေး နဲ့ ဒုံးကျည်ကာကွယ်ရေး လေ့ကျင့်မှုတွေ ပါဝင်ပါတယ်။
တရုတ်ရေတပ်က ဒုံးကျည်တပ်ဆင်ထားတဲ့ ဖျက်သင်္ဘောတွေဖြစ်တဲ့ Shaoxing နဲ့ Urumqi အပါအဝင် သင်္ဘောလေးစီး ပါဝင်မှာဖြစ်ပြီး ရုရှားသင်္ဘောတွေနဲ့အတူ လေ့ကျင့်မှာဖြစ်ပါတယ်။ လေ့ကျင့်မှုပြီးရင် နှစ်နိုင်ငံသင်္ဘောတွေက ပစိဖိတ်သမုဒ္ဒရာရဲ့ သက်ဆိုင်ရာရေပြင်တွေမှာ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။
တရုတ်နဲ့ ရုရှားဟာ ၂၀၁၂ ခုနှစ်ကတည်းက နှစ်စဉ် ပူးပေါင်းလေ့ကျင့်မှုတွေ ပြုလုပ်လာခဲ့ပြီး ယခုနှစ်လေ့ကျင့်မှုက နှစ်နိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေး နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနက်ရှိုင်းစေဖို့ ရည်ရွယ်ပါတယ်။
ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကို တရုတ်က ရှုတ်ချခြင်း မရှိသလို ရုရှားတပ်တွေ ဆုတ်ခွာဖို့လည်း တောင်းဆိုခြင်း မရှိပါဘူး။ အမေရိကန်အပါအဝင် ယူကရိန်းရဲ့ မဟာမိတ်တွေက တရုတ်ဟာ ရုရှားကို အထောက်အပံ့တွေ ပေးနေတယ်လို့ ယုံကြည်နေကြပါတယ်။
တရုတ်ကတော့ ကြားနေနိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ အခိုင်အမာပြောဆိုထားပြီး စစ်ပွဲအဆုံးသတ်ဖို့ မကြာခဏ တောင်းဆိုနေကာ အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်တွေပေးခြင်းအားဖြင့် စစ်ပွဲကို ရှည်လျားစေတယ်လို့လည်း စွပ်စွဲထားပါတယ်။
Ref:AFP

Related posts

Leave a Comment

VOM News

FREE
VIEW