ဆူးငှက်
နောက်ထပ် မနက်စောစောထဖြစ်သော ဖြစ်ရပ်တချို့မှာ နှစ်စဉ် နှစ်တိုင်း မတ်လ၌ကျင်းပသည့် စာမေးပွဲကြီးများရက်အတွင်း ကရောသော ပါး၊ ဖုတ်ပူမီးတိုက်၊ အူလျားဖားလျား၊ အပြေးအလွှားမို့ မနက်(၅) နာရီလောက် နှိုးစက်လေးနှင့် လူးလဲထပြီး လက်ပူတိုက် စာကျက်ရခြင်း ဖြစ်ပါသည်။ မနက်(၈)နာရီ စာမေးပွဲခန်းအရောက် ပြေးရဦးမှာမို့ ထို နှစ်နာရီမျှရသော အချိန်သည် နည်းပါးလှ၏။ ကုန်ခဲ့သောအချိန်များကိုလည်း နှမြောတသမိပါ၏။ သို့သော် ထန်းရည်မူးသူတစ်ဦး အမူးပြေတော့ ထန်းပင်မော့ကြည့်သူပမာ စာမေးပွဲပြီး ပွတ်ကာသီကာအောင်ပြီး အတန်း တက်ရတော့ တစ်နေ့စာ တစ်နေ့ကျက်ဖို့နေသာ ခွေးမြီးကောက် ကျည်တောက်စွပ်ပမာ အလေနတော ကိစ္စဘက် ထုံးစံအတိုင်း ဦးလှည့်သွား ပြန်တော့၏။ ထူးမခြားနား။
မကြာမီ ကျွန်တော်သည် ဝတ္ထုတစ်ပုဒ်ကို မှတ်မှတ်ရရ မိုးဝေ မဂ္ဂဇင်းတွင် ဖတ်လိုက်ရ၏။ ၁၉၇၆ မေ။
ထိုဝတ္ထုကို ဖတ်လိုက်ရသောအခါ ကျွန်တော့်တွင် အဆင်သင့်ရှိနေသော၊ သို့တည်းမဟုတ် ရနိုင်သော အခွင့်အရေးများ လက်လွှတ်ဆုံးရှုံးနေရုံ မက လူ့ဘဝတွင် ရတောင့်ရခဲ သို့တည်းမဟုတ် လူ့ ဘဝမှာ ကြုံရဆုံရခဲသော လောကသဘာဝ၏ “အလှ”ကို မိုက်မဲစွာ လက်လွှတ်ဆုံးရှုံးနေရ သည်ကို သတိပြုမိပြန်၏။
ဝတ္ထုတွင် စာရေးဆရာသည် မနက်စောစောထ၍ လမ်းလျှောက် သည်။ သူလမ်းလျှောက်သည်က တည်းခိုရာ မန္တလေး ၈၃ လမ်းနှင့် ၂၉ လမ်းထောင့် နေအိမ်မှ အရှေ့တရုတ်တန်းသို့ တက်သည်။ လမ်း ၈ဝ တရုတ်တန်းရောက်တော့ မြောက်သို့ချိုးကာ ကျုံးထောင့်သို့ ဦးတည်သည်။ အနောက်တောင် ကျုံးထောင့်ရောက်တော့ တောင်ဘက်နံဘေးကျုံးအတိုင်း အရှေ့သို့လျှောက်၏။ အရှေ့ တောင်ကျုံးထောင့်ရောက်မှ ပြန်လှည့်ခဲ့သည်ဆိုသည်။ စာရေးဆရာက သူလျှောက်ခဲ့သောလမ်းများမှ မနက်စောမြင်ကွင်းကို ယခုလို သရုပ်ဖော်ခဲ့၏။
“အိမ်ကထွက်ခဲ့စဉ်က မှောင်နေသေး၏။ လဆုတ်လသည် တိုက်တာအဆောက်အဦများနောက် သစ်ပင်များကြား နစ်မြုပ် သွားခဲ့ပြီ။ လမ်းမီးတိုင်များကတော့ တလက်လက် ရှိသေးသည်။ သို့သော် လမ်းမီးတိုင်များမှာ ချမ်းနေကြဟန်တူပါ၏။ နှင်းစောင်ကြီးခြုံကာ ကွေးနေကြသည်။
အိမ်ကထွက်စတွင် လမ်းသွားလမ်းလာ လူတစ်ယောက်စ၊ နှစ်ယောက်စ တွေ့ရသည်။ တိုက်တွေ၊ အိမ်တွေ၊ ဆိုင်တွေမှာ တံခါးပိတ်လို့ အိပ်ကြတုန်း၊ ဆိုင်တွေမှာ အနိုးကြားဆုံးကား လက်ဖက်ရည်ဆိုင် အချို့ဖြစ်သည်။ ရေနွေးကျိုလို့ နွားနို့ ချက်ပြီးကြပြီ။ နံပြားဖုတ်လို့ ပဲပြုတ်ကြော်နေကြပြီ။ ဆိုင်ရှင်ကို အမီလိုက်၍ လုံလဥဿဟကြီးသော ဖောက်သည်အချို့ကား ငုတ်တုတ်ထိုင်၍ စောင့်နေ ကြပြီ။ တကယ်ပင် ငုတ်တုတ်ထိုင်နေကြ၏။ ကုလားထိုင်ပေါ်မှာ ခြေချမထိုင်နိုင်ပါ။ ဆောင့်ကြောင့် ထိုင်ကြရ၏။ လက်တွေကို ပေါင်ကြား ညှပ်၍ အပေါ်အင်္ကျီကို ရင်စေ့၍ ခေါင်းကို တဘက်နှင့် လုံအောင် (နားရွက် ပါလုံအောင်) ပေါင်း၍။ လမ်းပေါ်တွင် မန္တလေးသရုပ်ဖော် အနှေးယာဉ်ဖြစ်သော မြင်းလှည်းကလေးများ တစ်စီးစ နှစ်စီးစ ပြတ်တောင်းပြတ်တောင်း လှုပ်ရှားသွားလာနေကြ၏။ အိမ်က ထွက်စ ရုန်းကန်စဖြစ်၍လားပဲမသိ။ မြင်းကလေးများသည် ပြေးရင်းလွှားရင်း အမြီးထောင်ကာ မကာနှင့် အီးတ ပေါက်၍ ချေးတုံးတွေကို အစီအရီ စွန့်ကြဲသွားကြလေသည်။ လမ်းလျှောက်သူတွေမှာ ယင်းတို့ကို တက်မနင်းမိအောင် အထူးဂရုပြု၍ ရှောင်ကြရ၏။ နှစ်ပြလောက်ကျော် သွားမိသောအခါ နိုးကြားနေသော အိမ်တစ်အိမ်ကို တွေ့မြင်ရသည်။ အိမ်ရှေ့ပေါက် ခေါက်တံခါးကြီးတစ်ချပ်ကို ဖွင့်ထားရာ အထဲက မီးရောင် အပြင်သို့ထွက်နေသည်။ အပြင်ထွက်နေသော မီးရောင်အောက်မှာ ကိုယ်လုံးကိုယ်ပေါက် အချိုးအဆက် ကျနပြေပြစ်သော အရိပ်သဏ္ဌာန်နှင့်မိန်းမတစ်ယောက်သည် ဘုရားပန်းအိုးဟု ထင်မှတ်ရသော အရာတစ်ခုကို ဆွဲထုတ်လာသည်ကို ဝိုးတဝါးမြင်လိုက်ရ သည်။ အိမ်ဝိုင်းထဲမှာ ထူထပ်စွာ ဝတ်ဆင်ထားပြီး တဘက်နှင့်ခေါင်းကို လုံအောင်ပေါင်းထားသော အရပ်ရှည်ရှည် ယောက်ျားတစ်ယောက် က မတ်တတ် တံမြက်စည်းကြီးနှင့် လှည်းကျင်းနေလေသည်။
တရုတ်တန်းသို့ ရောက်သောအခါ ကျွန်တော် အံ့သြရသည်။ အလင်းရောင် မှုန်တိမှုန်ဝါးထဲမှာ လူတွေ အတော်ကလေး စည်ကားနေပေပြီ။ လမ်းသွားလမ်းလာ လူထုမဟုတ်။ ဈေးဖွင့်ရန် ပြင်ဆင်နေသော လူထုဖြစ်၏။ ကားကြီး၊ ကားငယ်တွေထဲမှ လည်းကောင်း၊ မြင်းလှည်းတွေ ပေါ်မှလည်းကောင်း၊ ဆိုက်ကားတို့မှလည်းကောင်း ကုန်ပစ္စည်းချနေသူများ၊ ဘယ်လိုကုန်ပစ္စည်းတွေပါ လိမ့်၊ ဟင်းသီးဟင်းရွက်၊ သစ်သီး ပန်းမန် မဟုတ်သည်ကတော့ သေချာသည်။ မှောင်ကျသော နေရာများမှာ မသိနိုင်သေးသော်လည်း မီးရောင်အောက်မှာတော့ အသေအချာမြင်ရပါပြီ။ အထည်အလိပ်များ။ အလိပ်လိုက် အလိပ်လိုက်။ အခြားမှောင်ခိုပစ္စည်းများ အထုပ်လိုက်၊ သေတ္တာလိုက်။
ဤကား မနက်စောစော လမ်းလျှောက်ထွက်သူတစ်ယောက်အတွက် အနည်းဆုံးရရှိသည့် မြင်ကွင်းအတွေ့ အကြုံပင် ဖြစ်၏။ ထိုအချိန် အိပ်ရာထဲကွေးနေသူက ထိုမြင်ကွင်းမျိုး မြင်မှာမဟုတ်။ သည့်ထက်ပိုမို စဉ်းစားလိုက်တော့ မနက်စောစော လက်ဖက်ရည် ဆိုင်ဖွင့်သူက သူများအိပ်စဉ်မှာပင် ပိုက်ဆံဝင်ပြီ။ ထို့အတူ မြင်းလှည်းဆရာလည်း ပိုက်ဆံဝင်ပြီ။
တရုတ်တန်းဈေးသည်များလည်း ပိုက်ဆံဝင်ပြီ။ ယုတ်စွအဆုံး မနက်စော စောအိပ်ရာထ၊ တံမြက်လှည်း၊ ဘုရားပန်းကပ်သူ ဇနီးမောင်နှံမှာလည်း ယနေ့အဖို့ နှလုံးစိတ်ဝမ်းအေးချမ်းကာ ပီတိကုသိုလ်တွေ ရနေပြီ။ အိပ်နေသူ ဘာရပါသနည်း။ ဘာမျှမရတာ သေချာသည်။ ဝတ္ထုအား ဆက်ဖတ် ကြည့်တော့ ကျုံးဘေးမှာလည်း လမ်းလျှောက်ကြ၊ ပြေးကြ၊ ကစားကြသော လူကြီး၊ မိန်းမကြီး၊ လူလတ်၊ လူငယ်၊ မိန်းမငယ်များ တွေ့ ရမည်။ သူတို့လည်း ရွှင်လန်းဖျတ်လတ်မှုနှင့် ကျန်းမာရေးအတွက် ကိုယ်ခံအားတွေ ရကြပြီ။
လက်ဆွဲမီးဖိုလေးချပြီး မုန့်ရောင်းနေသော မိန်းမကြီးတစ်ယောက်မှာလည်း မိုးမလင်းခင်ကပင် ဆန်ဖိုးဆီဖိုး ရလောက်ပြီ။ ထို့ အတူ…
(ဆက်ရန်)