အိန္ဒိယ ဟိမ၀န္တာဒေသမှာ ရုတ်တရက်ရေကြီးလို့ လေးယောက်သေပြီး ၁၀၀ နီးပါး ပျောက်ဆုံး

ဒေလီ၊ ဩဂုတ်-၆-၂၀၂၅
ရတီ(VOM)
အိန္ဒိယနိုင်ငံ ဟိမ၀န္တာ‌ဒေသ ဥတ္တရခန်းပြည်နယ်မှာရှိတဲ့ ဓါရာလီမြို့မှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရွှံ့စီးရေစီးကြောင်းကြောင့် ရေကြီးရေလျှံဖြစ်ပွားပြီး လူ လေးယောက်သေဆုံးပြီး ၁၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ကျဉ်းမြောင်းတဲ့ တောင်ကြားကနေ ပြင်းထန်စွာစီးဆင်းလာတဲ့ ရွှံ့နှင့်ရေလှိုင်းတွေဟာ ဓါရာလီမြို့ကို ဝင်ရောက်ခဲ့ပြီး အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။ ဒါဟာ အလွန်ဆိုးရွားတဲ့ အခြေအနေလို့ ကာကွယ်ရေးဝန်ကြီး ဆန်ဂျေး ဆက်က PTI သတင်းဌာနကို ပြောပါတယ်။
အိန္ဒိယစစ်တပ်ဘက်က စစ်သား ၁၅၀ ကို မြို့ဆီပို့ဆောင်ပြီး ရွှံ့စီးရေစီးထဲကနေ ၂၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီရေလျှံမှုဟာ ရုတ်တရက် မိုးသည်းထန်စွာရွားသွန်မှုကြောင့်လို့ ဥတ္တရခန်း ပြည်နယ်ဝန်ကြီးချုပ် က ပြောပါတယ်။
မြို့ရဲ့ နေရာအများအပြားမှာ ရွှံ့ရေတွေ ဖုံးလွှမ်းခဲ့ပြီး တချို့နေရာမှာ ၁၅ မီတာလောက်ထိ ရှိကာ နေအိမ်တွေ နစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပျောက်ဆုံးနေသူတွေနဲ့ သောင်တင်နေသူတွေကို ကယ်တင်ဖို့ အရင်းအမြစ်အားလုံး ဖြန့်ကြက်လုပ်ဆောင်နေတယ်လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူကလည်း ပြောပါတယ်။
အိန္ဒိယ မိုးလေဝသဌာနကတော့ အဲဒီ‌ဒေသမှာ ရာသီဥတုဆိုင်ရာ အနီရောင်သတိပေးချက် ထုတ်ပြန်ထားပြီး တချို့နေရာတွေမှာ မိုးရေချိန် ၂၁ စင်တီမီတာထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ဇွန်လကနေ စက်တင်ဘာလထိ မုတ်သုံရာသီအတွင်း လူအသေအပျောက်ရှိတဲ့ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် သဘာ၀ဘေးအန္တရာယ် ဖြစ်ပွားမှုတွေ အကြိမ်ရေးနဲ့ ပြင်းထန်မှု ပိုမိုဆိုးရွားနေပြီး မြို့ပြစနစ် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးတာတွေကလည်း ဒီလိုဘေးအန္တရာယ်တွေရဲ့ သက်ရောက်မှုကို ပိုမိုဆိုးရွားစေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
Ref:CNA
Photo:AFP

Related posts

VOM News

FREE
VIEW