ဩဂုတ်- ၆ – ၂၀၂၅
SS (VOM)
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မြောက်စမ်း အမြောက်တပ် (အမတ – ၃၄၄) ကို AA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်နေမှုဟာ လက်ရှိအချိန်အထိ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဆိုပါ အမြောက်တပ်ရင်းဟာ ငသိုင်းချောင်းမြို့နဲ့ ၁၅ မိုင်အကွာ၊ ရခိုင်နဲ့ ဧရာဝတီနယ်စပ်က ပုသိမ် – မုံရွာ လမ်းပိုင်းနဲ့ ဂွ – ငသိုင်းချောင်း လမ်းဆုံအနီးရှိ မြောက်စမ်းကျေးရွာမှာ တည်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အမြောက်တပ်ကို လက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှ စတင်ကာ လက်ရှိ အချိန်အထိ တိုက်ခိုက်နေခြင်းဖြစ်ပြီး နလအတပ်တွေဘက်က အဆိုပါ တိုက်ခိုက်မှုကို ကာကွယ်နိုင်ဖို့ လက်ရှိမှာ နှစ်ထပ်ဘန်ကာတွေ ဆောက်လုပ်တာအပြင် ကတုတ်ကျင်းတွေနဲ့ ဆက်သွယ်ရေး မြောင်းတွေကိုပါ တူးဖော်ပြီး ခံစစ်အင်အား မြှင့်တင်ထားတယ်လို့ သိရပါတယ်။
“ဒီအမြောက်တပ်ရင်းက AA ပူးပေါင်းတပ်တွေအတွက် ဧရာဝတီတိုင်းအတွင်း ဝင်ရောက်စိုးမိုးနိုင်ဖို့ ကြိုးစားတာမှာ အရေးပါတဲ့ နေရာတခုပါ။ ဒီတပ်ကို သိမ်းနိုင်ရင် AA က ပုသိမ် – မုံရွာလမ်းပိုင်းကို ရသွားလိမ့်မယ်။ အဲဒီ လမ်းပိုင်းက ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့ကို ချိတ်ဆက်ထားတာ။ စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းလည်း ဖြစ်တယ်။ ဒါအပြင် လေးမျက်နှာ၊ ငသိုင်းချောင်း၊ ရေကြည်ဘက်ကိုလည်း ထိုးစစ်ဆင်ဖို့ လွယ်ကူသွားနိုင်တယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ နလအတပ်အနေနဲ့ အမတ – ၃၄၄ ကို ကာကွယ်နိုင်ဖို့ အင်အား ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်နေ့ကလည်း အမတ – ၃၄၄ ကို AA ပူးပေါင်းတပ်တွေက ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ AA ဘက်က အသိပေး ပြောဆိုထားပေမယ့် နလအဘက်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လက်ရှိ အချိန်အထိ တုံ့ပြန် ပြောဆိုထားခြင်း မရှိသေးပါဘူး။
ဒါအပြင် ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်ကြားရှိ ပုသိမ် – မုံရွာ ကားလမ်းမကြီးပေါ်က စက်စက်ယို ကျေးရွာမှာလည်း မနေ့ ဩဂုတ် ၄ ရက်၊ ည ၈ နာရီခွဲဝန်းကျင်မှ ဒီကနေ့ ဩဂုတ် ၅ ရက်၊ မနက် ၉ နာရီကျော်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့တာမှာ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လူတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ် တလုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ် အစပ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းကနေ ဇူလိုင်လအတွင်းအထိ တိုက်ပွဲတွေ အနည်းငယ် ငြိမ်သက်ခဲ့တာ ဖြစ်ပေမယ့် အခု ဩဂုတ်လဆန်းပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားမှုတွေ ပြန်လည်စိပ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
AA ပူးပေါင်းတပ်တွေဟာ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လဆန်းပိုင်းကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲကာလ ခြောက်လခန့် ကြာမြင့်လာပြီလည်း ဖြစ်ပါတယ်။
အဆိုပါ တိုက်ပွဲတွေကြောင့် ငါးသိုင်းချောင်း၊ ရေကြည်နဲ့ ကျုံပျော်မြို့ပေါ်တွေမှာ စစ်ရှောင်အများအပြား တိုးလာနေပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
AA ပူးပေါင်းတပ်တွေဟာ ရခိုင်ကမ်းရိုးတန်း တလျှောက်ရှိ မကျီးဇင်၊ ဘောမိနဲ့ စစ်စခန်းငယ်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ထိန်းချုပ်ခဲ့ပြီးနောက် ဧရာဝတီတိုင်းအတွင်းက ငါးသိုင်းချောင်း၊ ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူ၊ သာပေါင်းနဲ့ ပုသိမ်မြို့နယ်တို့မှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။
Photo – CJ