မလေးရှား ဦးဆောင်တဲ့ အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံလာမယ်

ကွာလာလမ်ပူ၊ ဩဂုတ်-၉-၂၀၂၅
မျိုးဆက်(VOM)
မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေရုပ်သိမ်းပြီးနောက် မလေးရှားဦးဆောင်တဲ့ အာဆီယံကိုယ်စားလှယ်အဖွဲ့ လာမယ့်လမှာ မြန်မာကို လာရောက်မယ်လို့ မလေးရှာနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။
ဒီခရီးစဉ်မှာ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ အောက်တိုဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးအတွက် မြန်မာ့အခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိဖို့ ဒီခရီးစဉ်ကို စီစဉ်တာလို့ ပြောပါတယ်။
အာဆီယံအဖွဲ့ဟာ မြန်မာအာဏာပိုင်တွေအပေါ် အပေါ် ဖိအားမြှင့်တင်ဖို့ ကြိုးစားနေပေမယ့် ယခုအထိ အောင်မြင်မှုမရသေးဘူး။ အာဏာပိုင်တွေ ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အတိုက်အခံအုပ်စုတွေက သပိတ်မှောက်မယ်လို့ ဆိုထားပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ သွေးထွက်သံယိုကိစ္စတွေနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကို အာဆီယံထိပ်သီးအစည်း အဝေးတွေတက်ရောက်ခွင့် ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ မလေးရှားနိုင်ငံဟာ ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌ ဖြစ်ပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ အာဆီယံကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လေ့လာကာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်မဖြစ် ဆွေးနွေးသွားမယ် လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြို့ ၆၃ ခုလောက်က အခုထိ အရေးပေါ်အခြေအနေအောက်မှာရှိနေဆဲ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။ ဒီမြို့နယ်အများစုဟာ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ဒေသတွေ ဒါမှမဟုတ် အတိုက်အခံအုပ်စုတွေ ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလအတွင်းမှာ ကျင်းပမယ်လို့ အာဏာပိုင်တွေ့က ထုတ်ပြန်ထားပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် အတိအကျရက်စွဲကိုတော့ ခုထိမသတ်မှတ်ရသေးပါဘူး။
Ref:CNA
Photo:AFP

Related posts

VOM News

FREE
VIEW