ဩဂုတ် ၈၊ ၂၀၂၅
Shy V (VOM)
ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိပ်သီးခေါင်းဆောင်တွေကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေက ဩဂုတ်လ ၆ ရက်နေ့နဲ့ ဩဂုတ်လ ၇ ရက်နေ့ ၂ ရက် ဆက်တိုက် သွားရောက် တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း ဝ အခြေစိုက် Wa News Land ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တွေက မိုင်းပေါက်မြို့ကို သြဂုတ် ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ ရောက်ရှိခဲ့ကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် ပန်ဆန်းမြို့ဘက် ထပ်မံ သွားရောက်ခဲ့ကြတယ်လို့ ဝ အခြေစိုက် Wa News Land မှာ သတင်းဖော်ပြထားပါတယ်။
အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ပန်ကြားချက်အရ “ဝ” ဒေသရှိ ပညာရေး၊ ကျန်းမာရေးနဲ့ အခြားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးဖို့ ဖြစ်တယ်လို့ သိရကြောင်းလည်း ဖော်ပြထားပါတယ်။
“စစ်ကော်မရှင်ဘက်က ဝ ခေါင်းဆောင်တွေနဲ့ သွားရောက်တွေဆုံခဲ့တယ်လို့ဝောာ့ ကြားသိရတယ်။ ဘာတွေ သွားဆွေးနွေးခဲ့တာ အတိအကျ မသိရပေမယ့် ရွေးကောက်ပွဲ လက်ခံဖို့ သွားတွေ့တယ်လို့ ယူဆရတယ်” လို့ သူက ပြောပါတယ်။
ဝ ဒေသမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အားလုံး လုပ်ခွင့် မရခဲ့ဘူးလို့လည်း သိရတယ်လို့ သူက ပြောပါတယ်။
ဆွေးနွေးပွဲမှာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးသန့်ရှူဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ဦးမင်းမင်းလွင်၊ ရှမ်းရှေ့မှ တြိဂံတိုင်းစစ်ဒေသ တိုင်းမှူး ဗိုလ်ချုပ်စိုးလိုင်၊ လုံခြုံရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Shen Win၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အစိုးရ အဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်း၊ ရဲတပ်ဖွဲ့မှူး ဦးနေမိုးထွန်း စတဲ့ ကိုယ်စားလှယ်အဖွဲ့တွေအပြင် ဒေသဆိုင်ရာ ပညာရေး၊ ကျန်းမာရေးနဲ့ အခြားသက်ဆိုင်ရာဌာနက အကြီးအကဲတွေလည်း တက်ရောက်ခဲ့တယ်လို့ အဲဒီ သတင်း မှာဖော်ပြထားပါတယ်။
ဝ တပ်ဖွဲ့ဘက်က ပြည်နယ် ဗဟိုကော်မတီ ထိပ်သီး ခေါင်းဆောင်တွေ အယောက် ၂၀ နီးပါးနဲ့ ဗဟိုကော်မတီဝင်အချို့၊ အလှည့်ကျအဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာဌာနက ဦးဆောင်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ပန်ဆန်းမြို့မှာ နှစ်ဖက် တွေ့ဆုံခဲ့ကြပြီးနောက် ဩဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာတော့ ရှမ်းပြည်နယ် အစိုးရ ကိုယ်စားလှယ် အဖွဲ့တွေက ပန်ခမ်းမြို့ကနေ ရှမ်းပြည်နယ် အထူး ဒေသ ၄ ဘက် ခရီးဆက်ကြတယ်လို့လည်း ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ် အထူး ဒေသ ၄၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (NDAA) ထိန်းချုပ် ရုံးစိုက်ရာ မိုင်းလားမြို့နယ်နဲ့ အထူးဒေသ ၂၊ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ရာ ဟိုပန်မြို့နယ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့မှာ အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ မြို့တွေထဲမှာ ပါဝင်တာဖြစ်ပါတယ်။
