ဩဂုတ် ၉၊ ၂၀၂၅
Shy V(VOM)
TNLA တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို ၉ ကြိမ်မြောက် လေကြောင်းနဲ့ ထပ် ဗုံးကြဲ တိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အသံက အကျယ်ကြီးပဲ သုံးလုံး ကြဲသွားတာ။ ရေဟော်ကျောင်းအနီး ဗိုလ်တဲနား ကျဝာယ်။ သီပေါမှာ လေကြောင်း ဗုံးကြဲတာ ၉ ကြိမ်ရှိသွားပြီ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လေကြောင်းနဲ့ ဗုံး သုံးလုံးကြဲချသွားတဲ့ ထဲက နှစ်လုံး ကွဲပြီး တလုံးက မကွဲဘူးလို့ သိရပါတယ်။
“အစည်းဝေး ရှိတယ်လို့ သတင်းကြားလို့ လာကြဲတယ်လို့ သိရတယ်။ အဆောက်အဦးက တခုထိတယ်။ လူ အထိအခိုက်မရှိဘူး။ အဲနား ဗိုလ်တဲ ရှိတယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကနေ ကနေ့ ဩဂုတ်လ ၉ ရက်နေ့အထိ သီပေါမြို့ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ၉ ကြိမ်ရှိသွားပြီဖြစ်ပြီး လေကြောင်းဗုံးကြောင့် လူ နှစ် ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ အဆောက်အဦ တချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အရှေ့မြောက် နယ်စပ်ကုန်သွယ်ရာ ပြည်ထောင်စုလမ်းမပေါ်ရှိ ကျောက်မဲနဲ့ သီပေါ် မြို့ကို မကြာခဏ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်လာတာ တွေ့ရပါတယ်။
