ဆိုးလ်၊ ဩဂုတ်-၁၀-၂၀၂၅
ရတီ(VOM)
မြောက်ကိုရီးယားစစ်တပ်ဟာ တောင်ကိုရီးယားနဲ့နယ်စပ်မှာ တပ်ဆင်ထားတဲ့ ဆူညံသံတွေ ထုတ်လွှင့်တဲ့ အသံချဲ့စက်တွေကို စတင်ဖြုတ်သိမ်းနေကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။
ဒါဟာ တောင်ကိုရီးယားသမ္မတသစ် လီဂျေးမြောင်ရဲ့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရေး ကမ်းလှမ်းချက်ကို အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုအဖြစ် စောင့်ကြည့်လေ့လာသူတွေက ရှုမြင်ကြပါတယ်။
တောင်ကိုရီးယားဘက်ကလည်း ဝါဒဖြန့် အသံချဲ့စက်တချို့ကို ဒီအပတ်အစောပိုင်းကတည်းက ဖြုတ်သိမ်းခဲ့ပြီး ဇွန်လအတွင်း လီဂျေးမြောင်သမ္မတဖြစ်လာပြီးနောက် ထုတ်လွှင့်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။
တောင်ကိုရီးယားဘက်က K-pop သီချင်းနဲ့ သတင်းတွေကို ထုတ်လွှင့်ပြီး မြောက်ကိုရီးယားဘက်ကတော့ တိရစ္ဆာန်အော်သံလို မသက်မသာ ဖြစ်စေတဲ့ အသံတွေကို ထုတ်လွှင့်လေ့ရှိပါတယ်။
စနေနေ့ မနက်ခင်းကစပြီး မြောက်ကိုရီးယားစစ်သားတွေဟာ နယ်စပ်မျဉ်းတလျှောက် အသံချဲ့စက်တချို့ ဖြုတ်သိမ်းနေတာတွေ ရှိတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒါပေမယ့်လည်း ဒီအသံချဲ့စက်တွေကို နယ်စပ်တလျှောက်လုံး ဖြုတ်သိမ်းပြီးပြီလားဆိုတာ အတည်ပြုဖို့ လိုသေးပြီး ဆက်လက်စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားဟာ ယခင်ကလည်း ဝါဒဖြန့်အသံချဲ့စက်တွေနဲ့ထုတ်လွှင့်မှုတွေကို ယာယီရပ်ဆိုင်းဖူးပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ် ဇွန်လမှာ မြောက်ကိုရီးယားက အမှိုက်မိုးပျံဖောင်းတွေ လွှတ်တင်တာကို တုံ့ပြန်တဲ့အနေနဲ့ ပြန်စခဲ့တာဖြစ်ပါတယ်။
နယ်စပ်နားနေသူတွေကတော့ နှစ်ဘက်စလုံးက အသံတွေကြောင့် ညအချိန်တွေမှာ အနှောင့်အယှက်ဖြစ်ရတယ်လို့ ဆိုကြပါတယ်။ယခင်သမ္မတ ယွန်းဆွတ်ခ်ယိုးလ်လက်ထက်မျာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပိုဆိုးလာခဲ့ပါတယ်။
သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ဟာ ဒီဇင်ဘာလမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ကိုရီးယားကျွန်းဆွယ်စစ်ပွဲမှာ ၁၉၅၃ ခုနှစ်မှာ ငြိမ်းချမ်းရေးစာချုပ်မရှိဘဲ ပြီးဆုံးခဲ့တဲ့အတွက် နှစ်နိုင်ငံဟာ နည်းပညာအရ စစ်မက်ဖြစ်ပွားနေဆဲအခြေအနေမှာ ရှိနေပါတယ်။
Ref:BBC
Photo:AFP
