ဆစ်ဒနီ၊ ဩဂုတ်-၁၁-၂၀၂၅
ရတီ(VOM)
ဩစတြေးလျနိုင်ငံဟာ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပါလက်စတိုင်းနိုင်ငံကို နိုင်ငံအဖြစ် အသိအမှတ်ပြုရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ် အယ်ဘာနီးစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါတို့ကလည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမယ်လို့ ကြေညာပြီးနောက် ထွက်ပေါ်လာတာပါ။ နယ်မြေမှာ စစ်ဝါဒကင်းမဲ့ရေး၊ အထွေထွေရွေးကောက်ပွဲများ ကင်းပဖို့ အပါအဝင် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ကတိကဝတ်တွေကို ရရှိထားတယ်လို့ သူကဆိုပါတယ်။
နှစ်နိုင်ငံ ဖြေရှင်းနည်းဟာ အရှေ့အလယ်ပိုင်းရှိ အကြမ်းဖက်မှုစက်ဝန်းကို ချိုးဖျက်ဖို့နဲ့ ဂါဇာရှိ ပဋိပက္ခ၊ ဆင်းရဲဒုက္ခနဲ့ အငတ်ဘေးကို အဆုံးသတ်ဖို့ လူသားတို့ရဲ့ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်တယ်လို့ ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း ဗြိတိန်၊ ပြင်သစ်၊ နယူးဇီလန်နဲ့ ဂျပန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးနောက် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ ဖိအားများ တိုးမြင့်လာနေတဲ့ အစ္စရေးကတော့ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုတာဟာ ဟားမတ်စ်အကြမ်းဖက်တို့ကို အားပေးထောက်ခံတာလို့ ဝေဖန်ပါတယ်။
ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ စနေနေ့မှာ လူငါးယောက်ဟာ အငတ်ဘေးနဲ့ အာဟာရချို့တဲ့မှုကြောင့် သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၂၁၇ ယောက်အထိ ရှိလာပါတယ်။ ၂၀၂၃ ခုနှစ်မှစပြီး အစ္စရေးရဲ့ ဂါဇာ စစ်ဆင်ရေးကြောင့် လူပေါင်း ခြောက်သောင်း ကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
Ref:BBC
Photo:AFP
ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုတော့မယ်လို့ ဩစတြေးလျပြော
