သြဂုတ် ၁၁-၂၀၂၅
နွယ်နီ(VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ အမှတ် (၇) ရပ်ကွက်၊ နယ်မြေ ၁၉၊ လမ်းသွယ် ၂၇ မှာ ရှိတဲ့ နေအိမ် တစ်လုံးမှာ ဩဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းက မိသားစုလိုက် သေဆုံးနေ တဲ့ ရုပ်အလောင်း လေးလောင်းတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖခင်အပါအဝင် ၁၀ နှစ်အောက် သေဆုံးတဲ့ ကလေးတွေ ရဲ့ ရုပ်အလောင်းကို နေအိမ်အတွင်းမှာ တွေ့ရတာလို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
“အသတ်ခံရတာလား၊ ကိုယ့်ဖာသာ အဆုံးစီရင်တာလား ဆိုတာ တိတိကျကျ မသိရဘူး။ အဖေက ပက်လက်အနေအထားနဲ့ ခေါင်းမှာ ဒဏ်ရာနဲ့ သေနေတယ်။ ကလေးတွေကတော့ ပါးစပ်မှာ အမြုပ် ထွက်နေတဲ့သူက ထွက်နဲ့ သေဆုံးနေတာကို တွေ့ရတာ”လို့ လားရှိုးမြို့ ခံ တယောက်က ပြောပါတယ်။
သေဆုံးနေတဲ့ ကလေးတွေဟာ အသက် ၅ နှစ်ကနေ ၁၀ နှစ်အရွယ် ကျောင်းသားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကလေးတွေက ဖြူအစိမ်းလေးတွေနဲ့။ ဘယ်လို ဖြစ်တယ်ဆိုတာတော့ တိတိကျကျ မသိရသေးဘူး။ အမေက ဈေးကနေ ပြန်လာမှ သိရတာ၊ ကလေးတွေကို ပေါင်းသတ်ဆေး တိုက်လိုက်လား ဘယ်လိုလဲ မသိဘူး” လို့ ဖြစ်စဉ် အခြေအနေ သိရှိတဲ့ လားရှိုးမြို့ခံ နောက် တယောက်က ပြောပါတယ်။
သေဆုံးသူတွေကို မြို့ခံ ပရဟိတ အသင်းအဖွဲ့အချို့က လားရှိုး ဆေးရုံကို ပို့ဆောင်ထား တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဆေးရုံ စစ်ဆေးချက် အဖြေ ရမှသာ ဘာကြောင့် သေဆုံးရတာ ဆိုတာကို တိတိကျကျ သိရှိနိုင်မယ်လို့ ဆိုပါတယ်။
ပုံ CJ
ပုံစာ သေဆုံးသွားသူများကို တွေ့ရစဉ်
