ဆိုးလ်၊ ဩဂုတ်-၁၂-၂၀၂၅
ရတီ(VOM)
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ဟာ နှစ်နိုင်ငံကြား မဟာမိတ်ဆက်ဆံရေးနဲ့ စီးပွားရေးမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးဖို့ ဩဂုတ် ၂၅ ရက်မှာ ဝါရှင်တန်မြို့မှာ ပထမဆုံးထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ပါတယ်။
ဇွန်လအတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လီဂျေးမြောင်ဟာ ထရန့်ရဲ့ အကောက်ခွန်မူဝါဒတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေ ပြောင်းလဲမှုတွေကို ကုန်တင်ပို့မှုအပေါ် မှီခိုနေရတဲ့ တောင်ကိုရီးယားအနေနဲ့ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ကို အဓိကဦးစားပေး လုပ်ဆောင်နေပါတယ်။
“နိုင်ငံတကာ လုံခြုံရေးနဲ့ စီးပွားရေးအခြေအနေ ပြောင်းလဲမှုတွေကို တုံ့ပြန်ဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အမေရိကန်-တောင်ကိုရီးယား မဟာမိတ်စာချုပ်ကို အနာဂတ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ စုံလင်တဲ့ မဟာဗျူဟာမြောက် မဟာမိတ်စာချုပ်အဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆွေးနွေးသွားမယ်” လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ကန်ယူဂျုံးက ရှင်းလင်းပွဲမှာ ပြောပါတယ်။
ပြီးခဲ့တဲ့လမှာ သဘောတူညီခဲ့တဲ့ အကောက်ခွန်သဘောတူညီချက်ကို အခြေခံပြီး ခေါင်းဆောင်နှစ်ယောက်ဟာ ဆီမီးကွန်ဒတ်တာ၊ ဘက်ထရီ၊ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေအပြင် အရေးကြီးသတ္တုနဲ့ နည်းပညာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
အမေရိကန်ရဲ့ အဓိက ကုန်သွယ်ဖက် တောင်ကိုရီးယားအပေါ် အစောပိုင်းက သတ်မှတ်ခဲ့တဲ့ အကောက်ခွန်ထက် လျှော့ချပြီး ၁၅ ရာခိုင်နှုန်းသာ အခွန်ကောက်မယ့် ကုန်သွယ်ရေးသဘောတူညီချက် ရရှိခဲ့ကြောင်း ထရန့်က ဇူလိုင် ၃၀ မှာ ကြေညာခဲ့ပါတယ်။
အပြန်အလှန်အနေနဲ့ ထရမ့်က တောင်ကိုရီးယားဟာ လာမယ့်ထိပ်သီးဆွေးနွေးပွဲမှာ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေကို ကြေညာမယ်လို့ ပြောကြားခဲ့ပြီး တောင်ကိုရီးယား အစိုးရဟာ အမေရိကန်မှာ ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တောင်ကိုရီးယားအရာရှိတွေကတော့ အသေးစိတ်အချက်အလက်တွေမှာ ကွဲလွဲချက်တွေ ရှိနေကြောင်း ပြောဆိုထားပြီဒ သဘောတူညီချက်နဲ့ မဖြေရှင်းရသေးတဲ့ အကြောင်းအရာတွေဟာ မဟာမိတ်နှစ်နိုင်ငံကြား နောက်ထပ်အငြင်းပွားမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။
Ref:CNA
Photo:Reuters
