ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့မှာ စက်သုံးပြတ်လပ်၊ မဲဆောက်ဘက်မှာလည်း မြဝတီဝင်ရောက်မယ့် ကုန်ကား ရာချီပိတ်မိနေ

ဩဂုတ် ၁၄ ၊ ၂၀၂၅
GG (VOM)
ကရင်ပြည်နယ်၊ ထိုင်း – မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ဒီနေ့ ဩဂုတ် ၁၄ ရက်နေ့မနက်ပိုင်းကစပြီး စက်သုံးဆီဆိုင်တွေ အရောင်းပိတ်ထားတာကြောင့် ဆီပြတ်လပ်မှုဖြစ်ပွားပြီး ဒေသခံတွေ ဒုက္ခရောက်နေတယ်လို့သိရပါတယ်။
” မနေ့ကညနေထိ ဝယ်ရသေးတယ်။ခုမနက်ကျ ဆိုင်တွေအကုန် ပိတ်ထားပါတယ်တဲ့။ဆီကားမဝင်လည်းရှိတဲ့ဆီကို အကန့်အသတ်လေးနဲ့ရောင်းပေးလို့ရတာကို ပိတ်လိုက်ကြပြီး စျေးတွေက တမနက်ထဲ အချိန်တိုင်းတက်သွားတယ်။” လို့ မြို့ခံတယောက်ကပြောပါတယ်။
မြဝတီမြို့အတွက် စက်သုံးဆီကို ရန်ကုန် – ဘားအံကတဆင့် သယ်ယူပို့ဆောင်ပြီး ဝယ်ယူသုံးစွဲနေရတာဖြစ်ကြောင်း ၊ လက်ရှိမှာ ဘားအံမှ မြဝတီကို စက်သုံးဆီ သယ်ယူခွင့် အဆင်မပြေတာကြောင့် မြဝတီမှာ စက်သုံးဆီ ဝယ်ယူရခက်ပြီး ဆိုင်တွေအရောင်းပိတ်တဲ့အထိရှိလာတာဖြစ်တယ်လို့သိရပါတယ်။
ယနေ့ မနက်ပိုင်းအတွင်းမှာပဲ ဓာတ်ဆီ ငါးလီတာကို ၃၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၀၀၀၀ ကျပ်အထိ မြင့်တက်ဝယ်ယူခဲ့ကြရတယ်လိုသိရပါတယ်။
” ဒီ မနက်ပိုင်းမှာ မြဝတီက ဓါတ်ဆီဆိုင်အချို့ ဆီဝယ်မရတော့ဘူး။အခုတော့ ဆိုင်အားလုံး နီးပါးပိတ်ကုန်ပြီ။ ဆီကုန်ပြီဝယ်မရတော့လို့ပါပြောတယ်။မနက် အစောပိုင်း ဆီတန်းစီတဲ့သူတချို့လောက်တော့ဝယ်လို့ရလိုက်ကြသေးတယ်။ လမ်းကြောင်းအခက်အခဲအရ ဆီကားမဝင်တော့လို့ဆိုပြီးဆီဆိုင်တွေကပြောတယ်။မြဝတီမှာက အရင်က ထိုင်းဘက်က ဆီဝယ်သုံးပေမယ့် ထိုင်းဘက်က စက်သုံးဆီ၊ အင်တာနက် အကုန်ဖြတ်ထားတာကြာပြီ။အဲဒီနောက် ပြည်တွင်းကပဲ ဝယ်သုံးနေရတာ။ အခုကျ ဘားအံကနေ မြဝတီဘက်ကို ဆီပေးမရောင်းတော့တာလို့သိရတယ်။ဆီကားပေးမသွားတော့အခု ပြည်သူပဲဒုက္ခရောက်တယ်။” လို့ မြဝတီဒေသခံကပြောပါတယ်။
မြဝတီမြို့အတွက် စက်သုံးဆီကို ယခင်က ထိုင်းနိုင်ငံကနေ တင်သွင်းတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကစပြီး ထိုင်းအစိုးရ မြန်မာ-ထိုင်းနယ်စပ်ရှိ ကျားဖျန့်လုပ်ငန်းတွေ နှိမ်နင်းဖို့ဆိုပြီး ထိုင်းကနေ မြဝတီကို စက်သုံးဆီ နဲ့ ဂက်စ်ကို ဖြတ်တောက်ခဲ့တာကြောင့် ရန်ကုန်မှ မြဝတီကို စက်သုံးဆီ သယ်ယူပို့ဆောင်ပြီး ဝယ်ယူသုံးစွဲနေရတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ နလအက ​ကရင်ပြည်နယ် ၊ကော့ကရိတ် – မြဝတီ အာရှလမ်းကို ပြန်လည်ထိန်းချုပ်ပြီး လမ်းပိုင်းအမြန်ဆုံးဖွင့်လှစ်နိုင်ရေး ထိုးစစ်ဆင်နေတိုက်ခိုက်မှုရှိနေတယ်လို့သိရပါတယ်။
ဒါကြောင့် မြဝတီကို ပြည်တွင်းကနေ စက်သုံးဆီ စီးဆင်းမှုကို ဖြတ်တောက်တာမျိုးဖြစ်နိုင်ကြောင်း ဒေသခံတွေက သုံးသပ်ကြပါတယ်။
လက်ရှိ မြဝ​တီမှာ စက်သုံးဆီ ပြတ်လပ်နေသလို မြဝတီကို ဝင်ရောက်မယ့် ကုန်ကားတွေလည်း ရာနဲ့ချီပြီး ထိုင်းနိုင်ငံ ၊ ထိုင်း – မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ အနီး မဲဆောက်ဘက်ခြမ်းမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။
” ကုန်ကားတွေ ရပ်ထားတာတွေဟုတ်တယ်။ထိုင်းသတင်းတွေလည်းတက်တယ်။ဘယ်လိုညှိကြမလဲတော့မသိဘူး။ကားရာနဲ့ချီတဲ့ကုန်ပစ္စည်းဆိုတာ နည်းတာမှမဟုတ်တာ။ငွေကြေးဆိုလည်းအများကြီးလေ။ထိုင်းပစ္စည်းတွေက ငွေအရင်ချေပြီးဝယ်ရတာ။အခုတော့မြဝတီမှာ ကုန်ပစ္စည်းပြတ်တာ၊စျေးခုန်တက်တာမတွေ့ရသေးဘူး။” လို့ မြဝတီဒေသခံကပြောပါတယ်။
မြန်မာနိုင်ငံအစိုးရဘက်မှ ကုန်ပစ္စည်းအချို့ကို တင်သွင်းခွင့်ပိတ်လိုက်တဲ့ အခြေအနေတွေ ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးကနေ တဆင့် မြဝတီကိုဝင်ရောက်လာမယ့် ကုန်ကား ၄၀၀ ကျော်လောက်ဟာ နယ်စပ်ဂိတ်ကို ​ဖြတ်သန်းခွင့်မရရှိဘဲ ပိတ်မိနေကြတာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ – မြတ်ကိုကိုလှိုင် / CJ

Related posts

Leave a Comment

VOM News

FREE
VIEW