ပါကစ္စတန်စစ်တပ်က ဒုံးကျည်တပ်ဖွဲ့သစ် ဖွဲ့စည်း

အစ္စလာမ္မာဘတ်၊ ဩဂုတ်-၁၄-၂၀၂၅
ရတီ(VOM)
ပါကစ္စတန်နိုင်ငံဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ မကြာသေးမီက ပဋိပက္ခတွေဖြစ်ပွားပြီးနောက်မှာ ဒုံးကျည်တိုက်ခိုက်ရေးတပ်ဖွဲ့သစ် ဖွဲ့စည်းလိုက်ပါတယ်။ ဒါဟာ နျူကလီးယားမဟုတ်တဲ့ ရိုးရိုးစစ်ပွဲတွေအတွက် ဒုံးကျည်တိုက်ခိုက်ရေးစွမ်းရည်တွေကိုအသုံးပြုဖို့ဖြစ်တယ်လို့ တာဝန်ရှိသူတွေ့ ဆိုပါတယ်။
ဝန်ကြီးချုပ် ရှရစ်ဖ် က အင်္ဂါနေ့ညနေပိုင်းက အစ္စလာမ္မာဘတ်မြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ ဒုံးကျည်တပ်ဖွဲ့ ဖွဲ့စည်းမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ဒီအခမ်းအနားကို ပါကစ္စတန်ရဲ့လွတ်လပ်ရေးနေ့မတိုင်ခင် တရက်အလိုမှာ ကျင်းပခဲ့တာပါ။
ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်မှာတော့ ဒီတပ်ဖွဲ့ဟာ ခေတ်မီနည်းပညာတွေနဲ့ ပြည့်စုံတယ်လို့ ဆိုပါတယ်။ ဒီတပ်ဖွဲ့ဟာ ပါကစ္စတန်တပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရာမှာ အရေးပါတဲ့ခြေလှမ်းဖြစ်လာမယ်လို့ ဝန်ကြီးချုပ် ရှရစ်ဖ်က ပြောပါတယ်။
ဒီတပ်ဖွဲ့မှာ သီးသန့်ကွပ်ကဲမှုစနစ်ရှိမှာဖြစ်ပြီး ရိုးရိုးစစ်ပွဲတွေအတွက် ဒုံးကျည်တွေကို ကိုင်တွယ်ဖို့နဲ့ တပ်ဆင်ဖို့ အထူးတာဝန်ယူမယ်လို့ ပါကစ္စတန်စစ်တပ်တာဝန်ရှိသူက ပြောပါတယ်။ “ဒါက အိန္ဒိယအတွက်ဆိုတာ ရှင်းပါတယ်” လို့ သူက ဆိုပါတယ်။
နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ ဒီနိုင်ငံနှစ်နိုင်ငံဟာ ၁၉၄၇ ခုနှစ်က ဗြိတိသျှအုပ်ချုပ်မှုကနေ လွတ်လပ်ရေးရပြီးကတည်းက စစ်ရေးစွမ်းရည်တွေကို အဆက်မပြတ် အဆင့်မြှင့်တင်နေခဲ့ပါတယ်။
ဧပြီလက အိန္ဒိယ ကက်ရှ်မီးယား‌ဒေသမှာ အရပ်သား ၂၆ ယောက် သေဆုံးမှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ အိန္ဒိယက ဒီတိုက်ခိုက်မှုအတွက် ပါကစ္စတန်ကို အပြစ်တင်ခဲ့ပေမယ့် ပါကစ္စတန်က ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
မေလမှာ နှစ်နိုင်ငံကြား ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်လေယာဉ်တွေ အသုံးပြုခဲ့ပြီးနောက် အမေရိကန်သမ္မတ ရဲ့ စစ်ပြေငြိမ်းရေး ညှိနှိုင်းမှုနဲ့အတူ အဆုံးသတ်ခဲ့ပါတယ်။
ပါကစ္စတန်က အမေရိကန်ရဲ့ကြားဝင်ဆောင်ရွက်မှုကို အသိအမှတ်ပြုပေမယ့် အိန္ဒိယက ဒါကို ငြင်းဆိုခဲ့ပါတယ်။ နှစ်နိုင်ငံတပ်မတော်တွေကြား တိုက်ရိုက်သဘောတူညီမှုရခဲ့တယ်လို့ အိန္ဒိယဘက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Ref:CNA
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW