သြဂုတ် ၁၅- ၂၀၂၅
နွယ်နီ(VOM)
TNLA တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း မိုးကုတ် အရှေ့ပိုင်း ရွှေကူရပ်ကွက် လင်းရောင်ခြည် ဘုန်းကြီးအနီးကို ဩဂုတ် ၁၄ ရက်နေ့ ည ၉ နာရီအချိန်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ နှစ်ဆယ်ကျော် ရှိလာပြီလို့ မိုးကုတ် ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲခံရတဲ့ နေအိမ်တွေကို ဒီနေ့ ရှင်းလင်းမှုတွေ ထပ်လုပ်ရာမှာ သေဆုံးသူ ရုပ်အလောင်းတွေ ထပ်တွေ့ရတာလို့ မိုးကုတ် မြို့ခံ တယောက်က ပြောပါတယ်။
“ဟုတ်ပါတယ်။ သေတဲ့သူက စုစုပေါင်း နှစ်ဆယ်ကျော် သွားပါပြီ။ မနေ့ညကအထိ ဆယ်ယောက်ပေါ့နော်။ မိသားစုလိုက် သေဆုံးသူတွေလည်းရှိပါတယ်”
သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ မိုးကုတ် မြို့ခံ နောက်တယောက်က ပြောပါတယ်။
“ကိုယ်ဝန်ဆောင် အမျိုးသမီးလည်း ပါပါတယ်ဗျ။ အိမ်တွေဆို ဘာမှ မရှိတော့ဘူး။ လူတွေလည်း တစီပဲ။ ဒီမနက်ပိုင်းမှ သေသေချာချာ မြင်ရတာ။ အတော် ကြောက်စရာကောင်းပါတယ်”
သေဆုံးသူတွေအနက် အမျိုးသမီး ၁၆ ဦးနဲ့ အမျိုးသား ၅ ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာရသူ နှစ်ဆယ်ကျော် ရှိပြီး ဒဏ်ရာ ပြင်းထန်လို့ စိုးရိမ်ရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲခံရတာကြောင့် နေအိမ် ၆ လုံးထက် မနည်း ပျက်စီးခဲ့ပြီး နေအိမ် ၃ လုံးကတော့ လုံးဝ ပျောက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
TNLA တပ်ဖွဲ့ရဲ့ ဒီနေ့ နေ့လယ်ပိုင်း ထုတ်ပြန်ချက်မှာတော့ ရွှေကူရပ်ကွက်အတွင်း ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက်ခံရ တာကြောင့် သေဆုံးသူ ၈ ဦး ရှိပြီး ဒဏ်ရာရသူ ၇ ဦး ရှိတယ်လို့ ဖော်ပြပါတယ်။
ဒီကိစ္စအတွက် နလအ တပ်ဖွဲ့ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးမှာ မိုးကုတ်မြို့ကို TNLA လက်နက်ကိုင် အဖွဲ့က သိမ်းပိုက်ထားတာပါ။ နအလ တပ်ဖွဲ့က မိုးကုတ်မြို့ကို ပြန်လည် သိမ်းပိုက်ဖို့ နောင်ချိုနဲ့ မန္တလေးမြို့တွေဘက်ကနေ ထိုးစစ်ဆင်နေပြီး လေကြောင်းကနေ မကြာခဏ ဆိုသလို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မိုးကုတ်မြို့မှာ ဩဂုတ်လ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်း လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲခံခဲ့ရတာကြောင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင် လူ ၃၀ ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၂၀ ကျော် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓါတ်ပုံ ဒေသခံ – လေကြောင်း တိုက်ခိုက်ခံရသည့် မိုးကုတ်မြို့ ရွှေကူ ရပ်ကွက်အား မြင်တွေ့ရပုံ
