ဩဂုတ် ၁၆ – ၂၀၂၅
SN (VOM)
ကိုရီးယားရောက် မြန်မာလုပ်သားတွေ အနေနဲ့ မိသားစုဆီ လွှဲပို့ငွေ အထောက်အထားကို လာမယ့် ဩဂုတ် ၁၉ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် တင်ပြရမှာ ဖြစ်တယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA) က မနေ့ ဩဂုတ် ၁၅ ရက်နေ့မှာ အသိပေး ကြေညာထားပါတယ်။
၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ကိုရီးယားသမ္မတနိုင်ငံကို နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်စနစ် (EPS) နဲ့ သွားရောက်ခဲ့ကြတဲ့ မြန်မာလုပ်သားတွေ အနေနဲ့ အခု ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း လွှဲပို့ခဲ့တဲ့ ငွေလွှဲ အထောက်အထားတွေကို တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတယောက်က “မသိရင် ကျွန်တော်တို့လာတာ သူတို့ပိုက်ဆံနဲ့များ ထင်နေလာမသိဘူး။ ဒါကိုပဲ မရမကတောင်းနေတယ်။ ၂၀၂၁ ခုနှစ် မတိုင်ခင်တုန်းက Bank to Bank လွှဲရင် အဆင်ပြေတယ်။ စျေးလည်းကောင်းတယ်။ ဒီဘက်ခေတ်မှာကတော့ ဘဏ်အချင်းချင်းလွှဲတာ ငွေနှိမ်ခံရတယ်။ ဆိုတော့ ဘယ်သူမှ မလွှဲချင်ကြဘူးလေ” လို့ ပြောပါတယ်။
POEA ရဲ့ အသိပေး ကြေညာချက်မှာတော့ အဆိုပါ လွှဲပို့ငွေ အထောက်အထားတွေကို Viber နံပါတ် ၉၅၉၄၀၁၉၉၃၇၄၆ ကို ဩဂုတ် ၁၉ ရက်နေ့ နောက်ဆုံးထား တင်ပြရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို တင်ပြရာမှာ ငွေလွှဲပို့တဲ့ အထောက်အထား၊ ပေးပို့သူရဲ့ နိုင်ငံကူးလက်မှတ် အမှတ်အပြင် မြန်မာနိုင်ငံမှ စတင် ထွက်ခွာရက်တွေကိုပါ ထည့်သွင်း ဖော်ပြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“တချို့အေးဂျင့်တွေက အလုပ်ခေါ်တုန်းက သူတို့ပြောတဲ့ အလုပ်က တမျိုး။ ဟိုရောက်တော့ အလုပ်တမျိုး ဖြစ်နေတာမျိုး ရှိတယ်။ ဒါကို အေဂျင်စီတွေက ဘာတာဝန်မှလည်း ယူပေးတာမဟုတ်ဘူး။ အဲဒါကြောင့် တချို့က သူတို့နည်း၊ သူတို့ဟန်နဲ့ ဒီမှာရှိနေတဲ့ပွဲစားနဲ့ ပိုက်ဆံအကုန်ခံပြီး အလုပ်ထပ်ရှာရတယ်။ ဒီလိုနဲ့ အလုပ်ပြောင်းသွားပြီး ပို့ပေးတဲ့ အေးဂျင့်နဲ့ အဆက်အသွယ် ပြတ်သွားတာမျိုးတွေ ရှိတယ်” လို့ နောက်ထပ် အလုပ်သမားတယောက်က ပြောပါတယ်။
ဒါကြောင့် အခုလို မိသားစုဆီ လွှဲပို့ငွေကို အေဂျင်စီတွေကတဆင့် ပြန်တောင်းခိုင်းပါကလည်း အဆင်ပြေမှု မရှိနိုင်ဘူးလို့ သူက ပြောပါတယ်။
“အေးဂျင့်နဲ့ အဆက်အသွယ် ရှိတဲ့သူတွေတောင် မပေးချင်တာ။ အဲဒီလိုလူမျိုးတွေဆို ပိုဝေးရော။ အလုပ်သမားတွေ ဒီနိုင်ငံရောက်ပြီးမှ အဆင်မပြေတာတွေအတွက် ဘယ်သူကမှ တာဝန်ခံပေးတာ မဟုတ်ဘူးလေ။ ကျွန်တော်တို့ကတော့ ငွေပေါက်ဈေး အမှန်ရလို့ အပြင်ပွဲစားနဲ့ပဲ လွှဲတယ်။ အေဂျင်စီက လာပြောတာမျိုးလည်း မရှိသေးဘူး” လို့ သူက ပြောပါတယ်။
ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေအနေနဲ့ ၎င်းတို့ရရှိမယ့် လုပ်ခလစာရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်တွေထံ တရားဝင် ဘဏ်စနစ်နဲ့ဖြစ်စေ၊ ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားတဲ့ Remittance Business License (RBL) ရရှိသူတွေနဲ့ဖြစ်စေ၊ ဘဏ်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းတွေကဖြစ်စေ လွှဲပို့ရမှာ ဖြစ်တယ်လို့ အစိုးရက အသိပေး ကြေညာထားတာ ဖြစ်ပါတယ်။
အဲဒီလို လွှဲပြောင်းပေးရာမှာ တလကို တကြိမ် လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း (ဒါမှမဟုတ်) အများဆုံး သုံးလကို တကြိမ် သုံးလစာ စုစုပေါင်းရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်တွေ (ဒါမှမဟုတ်) ပြည်တွင်းရှိ ကိုယ်ပိုင်ဘဏ်စာရင်းကို လွှဲပြောင်းပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အဆိုပါ လွှဲပို့ငွေတွေကို တည်ဆဲဥပဒေတွေနဲ့အညီ ဝင်ငွေရလမ်း ဖော်ပြနိုင်တဲ့ ငွေအဖြစ် ခံစားခွင့် ရရှိနိုင်ရေးအတွက်ကိုလည်း တရားဝင် လွှဲပြောင်းပေးပို့ခဲ့တဲ့ အထောက်အထား စာရွက်စာတမ်းတွေကို သေချာစွာ သိမ်းဆည်းထားရမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
Photo – CJ
