ဆူးငှက်
ယခုလက်ရှိ ကျွန်တော်နေထိုင်ရာ အိမ်ကလေးဆီသို့ ရောက်လာသူတိုင်းသည် ပတ်ဝန်းကျင်ကို အကဲခတ်ပြီးသည်နှင့် “ဘာသံမှ မကြားရဘူး၊ တိတ်ဆိတ်နေတာပဲဗျာ၊ စာရေးလို့ကောင်းမှာ” ဟုချည်း ပြောလေ့ရှိသည်။ ဟုတ်သည်။ မျက်နှာချင်းဆိုင်မှာက ကျောပေး ထားသော ပြပေါက် သပြေခြံကြီးတွေ၊ မြောက်ဘက်မှာက လူနေခြံဝင်းကျယ်များ၊ သစ်ခွခြံ သပြေခြံများ၊ တောင်ဘက်မှာလည်း လူနေ ခြံဝင်းကျယ်၊ အရှေ့ဘက်မှာတော့ အိမ်ရာမရှိသေးသော အကွက်ရိုက်ပြီး ကွင်းကျယ်ကြီး။ အရှေ့ဘက်ဆီသို့ ကွင်းကျယ်ကြီးများကို ဖြတ်ကာ မျှော်ကြည့်လိုက်တော့ ရှမ်းရိုးမ ပြာရင့်မှိုင်း အောက်မှာ ရေတံခွန်တောင်၊ ရန်ကင်းတောင်တော်တို့ကား ဝပ်စင်းလှဲလျောင်း။ အိမ်ထဲမှာ ထိုင်နေလျက်ပင်လျှင် တောင်လေက လွင့်ပါမတတ် ဒလဟောတိုက်နေသေး၏။
ဤသို့ ပတ်ဝန်းကျင်တွင် “စာရေးလို့ကောင်းမှာ” ဟူသော လာသမျှပုဂ္ဂိုလ်၏ ဆန္ဒစကားများက ကျွန်တော့်ကို တဝုန်းဝုန်း ရိုက်ပုတ်နေသလို ခံစားရ၏။ စာရေးလို့ကောင်းမှာဟူသော နေရာလေးရောက်ပါမှ ဝတ္ထုတစ်ပုဒ်တလေမျှပင် ထွက်မလာတော့။ လစဉ် ရေးနေကျ ပင်တိုင်လေးတွေကိုပင် အတော်အားခဲရေးနေရပါကလား။ ထိုနံရောအခါ မိတ်ဆွေများ၏ စကားထဲမှ မိမိအတွက် အလိုအပ်ဆုံး သော “စာရေးလို့ကောင်းမှာ” တိတ်ဆိတ်နေတာပဲဗျာ” ဟူသည့် ပဋိသန္ဓာရစကားကိုပင် တရားကိုယ်ဟူသည့် တရားကိုယ်ကို မသိကျိုး ကျွံပြုကာ “ဘာသံမှ မကြားရဖူး၊ ပြုကာ “ဟုတ်တယ်ဗျာ၊ တိတ်ဆိတ်လွန်းတော့ အိပ်ချည်းနေဖြစ်တော့တာပဲ” ဟု ဝေ့လည်ကြောင်ပတ် ပြန်လည်ဖြေဖြစ်သည်ချည်း ဖြစ်ပါ၏။
အရုဏ်မတက်မီကပင် လေကလေး တသွေးသွေးမှာ ကြက်တွန်သံတွေ စီစီညံညံ ကြားရပြီးနောက် မနက်စောဈေးသည်လေး တစ်သည် နှစ်သည်စ၏ အော်ဟစ်သံကြားရသည်။ မနက် ၆ နာရီခွဲခါနီးတော့ မတ္တရာသွားရထားက သံသဲ့ပြာပြာ ဥကြံပေးကာ တဝေါဝေါ ဖြတ်သန်းသွားသံ ကြားရ၏။ ဒါက ပုံမှန်အသံတွေ။ ထိုအသံတွေပြီးတော့ သပြေခြံကြီးဆီမှ ချိုးငှက်ကလေးက တစ်နေကုန်နီးပါး ကူနေတော့သည်။ အသံဗလံက ဒါပါပဲ။ အင်း တစ်ခုတော့ရှိတာပေါ့။ အိမ်သုံးရေကုန်နေကြလို့ ဒီဇယ်အင်ဂျင်နိုးကာ ရေတင်ကြလျှင်ဖြင့် ခြံများဆီမှ အင်ဂျင်စက်သံ တဒုန်းဒုန်းကိုတော့ ၁၅ မိနစ်၊ နာရီဝက် ကြားနိုင်သည်။
ဤသို့သော နေရာထိုင်ခင်းမှာ ဘာလို့များ ဝတ္ထုတွေ မရေးနိုင်သနည်း။ တစ်ခါတစ်ရံ မိမိကိုယ်မိမိ ယခင်ဝန်းကျင်များနှင့် တိုင်းထွာကာ ပြန်ယှဉ်သုံးသပ်မိသည်။ စာရေးခြင်းဆိုသည်မှာလည်း အဝန်းအဝိုင်းနှင့် တွန်းအားလိုပေသေးသည်။ စာစရေးစဉ်ကာလ ကတော့ “အားကျစိတ်” နှင့်လည်း ရေးဖြစ်သည်။ “အားမရစိတ်” ဖြင့်လည်း ရေးဖြစ်သည်။
နောက်တော့ ရေးဖော်စာပေအပေါင်းအသင်း တွေနှင့် ဆုံဖြစ် စကား ပြောဖြစ်ပြီး ရေးဖြစ်သည်။
ရေးဖော် စာပေအပေါင်းအသင်းများဖြင့် ဆုံဖြစ်ခြင်းဆိုသည်မှာ လက်ဖက်ရည်ဝိုင်းတွေပင် ဖြစ်၏။ ဤသို့ဖြင့် နီးရာစု၊ တူရာစု ဖြစ်ကာ မနက်လင်းလျှင် လက်ဖက်ရည်ဆိုင် စားပွဲတွေဆီ ချဉ်းကပ်စုစည်းမိကြပြီး ဖတ်ရမှတ်ရတာ၊ ရေးစရာသားစရာတွေ ပြောကြ ဆိုကြဖြစ်ရင်း ရေးဖြစ် သားဖြစ်ကြသည်။
အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်၊ မြောက်ပြင် အစွန်အဖျားကို စက်ဘီးတစ်စီးရှိလျှင် ကူးချည်သန်းချည် လုပ်နိုင်သည်။ မန္တလေး အကျယ်အဝန်း ကာလများဆီတုန်းက မနက်လင်းလျှင် စာပေသမားတွေက ဈေးချို အနောက်ဘက် စံတော်သစ်ကဖီးမှာ စုမိကြ၊ ဂီတသမားတွေက ဝင်းလိုက်ရုံ နားက အောင်ဇေယျာကဖီးမှာ စုမိကြသတဲ့။ တစ်အုပ်တည်း တစ်စုတည်း။
ပြောခဲ့ပါပကော။ နောက်တော့ နန်းရှေ့ ဦးဘကျော့ဆိုင်မှာ၊ အေလမ်း ရွှေမိုးဝေမှာ၊ ဟံသာဝတီ သက်သာဆိုင်မှာ သူ့ အဖွဲ့လေးတွေနှင့်သူ ဖြစ်လာပြန်သည်။ ဂိုဏ်းခွဲထောင်တာမဟုတ်၊ အုပ်စုခွဲတာမဟုတ်၊ အချိန်ပေးနိုင်မှုပမာဏ၊ နေရာနီးစပ်မှု အတိုင်း အတာအရ နီးရာပြန်စုကြခြင်းဖြစ်သည်။
ဟော ၁၉၈၀ နောက်ပိုင်း ပဲဖြူကုန်းမှာ မြို့သစ်တွေဖော်၊ မီးဘေးတွေ၊ ကျူးကျော်တွေ အများအပြား ပဲဖြူကုန်းရောက်သွားပြီး နောက်ပိုင်း မန္တလေးမြို့ကြီး ချဲ့ကား ကျယ်ဝန်းလာခြင်းနှင့်အတူ ကိုယ်စီ ကိုယ်စီ အားလပ်ချိန်တွေ နည်းပါးကုန်ကြပြီး စာရေးသူပမာဏ များပြားလာသောအခါ ထိုသို့သော လက်ဖက်ရည်ဝိုင်းတွေက မန္တလေး နေရာအနှံ့ ပေါ်လာခြင်းလည်း မည်ပါ၏။
မဂ္ဂဇင်းတွေ အပြိုင်းအရိုင်းထွက်လာတော့ မဂ္ဂဇင်းထွက်ရက်ကို မျှော်ရ၏။ နဂါးစာပေရှိရာ ၈၄ လမ်း ထိုင်စိန်ကဖီးခြေရင်း ဗာဒံပင်ရိပ်မှာ လွယ်အိတ်ကိုယ်စီဖြင့် စာပေသမားတွေ ရစ်သီ ရစ်သီ စာအုပ်ထုပ်ဖြည်သည်နှင့် အလုအယက် တိုးဝှေ့ကာ လှန်လှောကြည့်၊ မြည်းကြည့်ကြရသည်။ စာမူပါ၍ လက်ဆောင်ရသည့်စာအုပ်ပါလျှင် အနားက မျက်သွယ်ကဖီးဆီချီတက်ကာ သည်စာအုပ်လေး ဝိုင်းပြီး ကြည့်ကြရသည်။ ဤသို့ဖြင့် ၈၄ လမ်းပေါ်က မျက်သွယ်ကဖီးမှာ စာသမားစုံ၊ ကဗျာသမားစုံ ရှိနေတတ်သည်။ ကဗျာဆရာ အောင်ဘညို အမြဲရှိနေသည်။ ဆရာနီမောင် ရှိနေသည်။ ဆရာ မောင်သင်းဝေ ရှိနေသည်။ မန္တလေးမှာ လာခိုနေသော ဆရာ မောင်လူမှိန်ရှိသည်။ သွယ်အောင် ရှိနေသည်။ မောင်စိမ်းသစ် ရှိနေသည်။ ဆရာ နတ်မောက်ထွန်းရှိန် ရှိသည်။
ဆရာချစ်စရာ ရှိသည်။ ထို့အတူ လူထုစာအုပ် တိုက်ရှေ့က ဆရာညီပုလေး၏ စာအုပ်ဆိုင်သစ်ရှေ့ ဗာဒံပင်ရိပ်မှာ ကိုညီပုလေး၊ ဆရာဝင်းစည်သူ၊ ကိုသိုက်ထွန်းသက်၊ ကိုကျော်ရင်မြင့်၊ ကိုညိုထွန်းလူ၊ ကိုကျော်စိုးဝင်း၊ ကိုကျော်စွာထက် ရှိနေတတ်သည်။ သည်ဆရာတွေက မြောက်နားက မုတ်ဆိတ်မှာလည်း ထိုင် တတ်သည်။ ၈၃ လမ်းပေါ်က မင်းမင်းကျော်မှာလည်း ထိုင်တတ်သည်။
နန်းရှေ့ဈေးထဲက ဦးဘကျော့ဆိုင်မှာ ကိုပိုင်စိုးဝေတို့၊ ကိုနောင်ရိုးတို့၊ ပိုင်သတို့ ရှိနေပါသတဲ့။ ဆေးရုံကြီးတောင်ဘက် ၃၁ လမ်းက မြို့မ ဆိုက်ဆိုဖုန်း ဦးသန်းမောင်ကြီးရဲ့ ဂျပ်(စ်)ကဖီးမှာ ကိုကြည်ဇော်ဝင်း၊ ကိုကျော်စွာထက်၊ စုထား၊ ကိုရိုးကွန့်၊ ကိုအော်ပီကျယ်၊ ညိုညိုတင်လှ တို့လည်း ပင်တိုင်တွေ့ရသည်။ တောင်ပြင် အင်းဝကဖီးမှာ ကိုငြိမ်း၊ ကိုသင်းပန်၊ ကိုခင်အောင်ဝင့်၊ အနှစ်(နဘူးအိုင်) နှင့် ကဗျာဆရာအဖွဲ့တွေ ရှိနေကြသည်။
သည်လိုပဲ ပိုက်ကျုံးမှာ၊ မြို့သစ်မှာ၊ မြောက်ပြင်မှာလည်း စာပေလက်ဖက်ရည်ဝိုင်းလေးတွေ ရှိကြသည်။ လဆန်းသည်နှင့် ရှေ့လအတွက် မဂ္ဂဇင်းတွေ တဖြောဖြောထွက်လာတိုင်း ထွက်သည့်မဂ္ဂဇင်းတိုင်းမှာ မန္တလေး ကလောင်ရှင်တွေ အများအပြား ပါလာ ကြတော့သည်။ ဝိုင်းတွေမှာ ပါလာသည့်စာမူ ဖတ်ကြ၊ ရေးထားသည့်စာမူ ဖတ်ကြ၊ ပို့ကြနှင့် ရေးဖြစ် ပို့ဖြစ်နေကြတာ စည်းစည်ညံနေတော့ ၏။ စာပေဝိုင်းထုံးစံအတိုင်း ဝတ္ထုတိုပေါင်းချုပ်လေးတွေ စုထုတ်ကြဖို့၊ ကဗျာစာအုပ်လေးတွေ စုထုတ်ကြဖို့ တိုင်ပင်ကြိုးပမ်းကြရင်း အကောင်အထည်ပေါ်လာသည့် စာအုပ်တွေလည်း မနည်းလှ။ ထို့အတူ သည်လိုလုံးချင်းစာအုပ်လေးတွေအပြင် မဂ္ဂဇင်းတွေအထိ မျှော်လင့်လာကြသည်။ သည်အရှိန် သည်အားတွေနှင့်ပင် ရွှေဝတ်ရည် မဂ္ဂဇင်း ထွက်လာခြင်းဖြစ်သည်။
ရွှေဝတ်ရည်ကို ထုတ်ဝေသူက မန္တလေး ၈၄ လမ်း မင်းသားစုရပ်မှ ကမ္ဘာအေးဆေးတိုက်ပိုင်ရှင် ဦးကျော်မင်း-ဒေါ်နုနုယဉ် ဖြစ်သည်။ အထူးသဖြင့် ဒေါ်နုနုယဉ်က ထီလာနုနုယဉ် အမည်ဖြင့် ကလောင်ပိုင်ရှင်တစ်ဦးလည်းဖြစ်ကာ စာပေလုပ်ငန်းဆိုလျှင် ထမင်းမေ့ ဟင်းမေ့ ဆောင်ရွက်တတ်သည်။ ဦးကျော်မင်းက ဒေါ်နုနုယဉ်အတွက် လိုလေသေးမရှိ ဖြစ်ချင်တာဖြစ်စေသည့် ခင်ပွန်းကောင်းတစ်ဦး။ ဇနီးသည်၏ စာပေလုပ်ငန်းတွေကို တပြုံးပြုံး သဘောကျကာ တစ်လုံးတစ်ပါဒမျှ ဝင်ရောက်မစွက်ဖက်သူ တစ်ဦး။
ရွှေဝတ်ရည်ကို ဒေါ်နုနုယဉ်တို့ ထုတ်ဝေတော့ ဦးစီးပဲ့ကိုင် တာဝန်ခံ အယ်ဒီတာက ဆရာမောင်သစ်လွင် (လူထု) ဖြစ်သည်။ ဆရာနီမောင်တို့၊ ဆရာမောင်သင်းဝေတို့လည်း ဝိုင်းဝန်းကြသည်။ ကဗျာတာဝန်ခံ အယ်ဒီတာက ကိုငြိမ်း(မန္တလေး)။
မန္တလေးက အခုလို မဂ္ဂဇင်းတစ်ရပ် ထွက်မည်ဆိုတော့ အားလုံးက စိတ်ဝင်စားကြသည်။ အားပေးကြသည်။ ကူညီကြသည်။ စာမူတွေစုနေပြီတဲ့။ ဒီဇိုင်းတွေ လုပ်နေပြီတဲ့။ ဂယ်လီပရု(ပ်) ထုတ်နေပြီတဲ့။ မျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်နေကြပြီတဲ့။ ဘယ်သူ့ကို အင်တာဗျူးနေပြီဆိုသည့် စကားများက မန္တလေး စာပေလက်ဖက်ရည်ဝိုင်းများမှာ လွှမ်းမိုးနေတော့သည်။ မင်းသားစုရပ် ကမ္ဘာအေး ဆေးတိုက် အိမ်မြောက်ဘက်ခြမ်း သံဇကာကွက်လေးတွေ ကာထားသော မဂ္ဂဇင်းရုံးခန်းမှာလည်း လူစည်နေသည်။ ကိုနီမောင်မှာ လာသမျှ လူကို လက်ဖက်ရည်ခွက်ချရတာ မအားတော့။
တောင်ပြင်က ကဗျာဆရာလည်း ရှမ်းပွဲ အင်းဝကဖေးမှာ ထိုင်ပြီး မင်းသားစု ရွှေဝတ်ရည်တိုက်ဝင်ကာ လက်ဆည်ကန် လူထု တိုက်ရှေ့ ဗာဒံပင်ရိပ် တစ်ထောက်နားရင်း ရုံတော်ကြီး နဂါးစာပေတွင် မဂ္ဂဇင်းကြည့်ပြီးနောက် မျက်သွယ်ကဖီးမှာ . တစ်ထောက်နား တော့သည်။ ထို့အတူ မြောက်ပြင်က၊ အရှေ့ပြင်က… ။
ထိုအချိန်က အမှတ်မထင် ဆောင့်ကန်တွန်းထိုးလိုက်သော အရှိန်တစ်ခုကြောင့် တက်ကြွမှုအရှိန်က စာပေမှာ ထင်ဟပ်မှု အားကောင်းနေချိန်ဖြစ်သည်။ အားလုံးမှာ မျှော်လင့်ချက်ကိုယ်စီဖြင့်။ ထိုအခါ အားလုံးမှာ စာရေးဖြစ်နေကြသည်။ ရေးအားကောင်းကြ သည်။ မန္တလေးကလောင်များက ကဗျာတွေ ရောင်ခြည်လွှတ်လာသည်။ ဝတ္ထုတိုတွေ ကွန့်မြူးလာသည်။ ဖြိုးဖြိုးဖျတ်ဖျတ်။
မှိုတစ်ကျင်းက မှိုပွင့်တွေ ဖြောဖြောထွက်လာသလိုမျိုး။ ရန်ကုန်မှ အယ်ဒီတာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ အင်တာဗျူးဆရာ၊ ပင်တိုင် ဆောင်းပါးရှင်တို့လည်း မန္တလေးနှင့် ပေါက်ရောက်ကူးသန်းလာမှု စိပ်လာ၏။ အဆက်မပြတ်ဟုပင် ဆိုရမည်။
မိမိကိုယ်မိမိ နောက်ကြောင်းပြန်လှည့်ကြည့်မိတော့လည်း ထိုအချိန် ထိုကာလက စာအများဆုံး ရေးခဲ့၏။ ဂျပ်စ်ကဖီးက ကိုရိုးကွန့်တို့၊ ကိုကြည်ဇော်ဝင်းတို့ဝိုင်းက ပြန်လာလျှင် အိမ်မှာ ဝတ္ထုတိုတစ်ပုဒ်၊ ဆောင်းပါး တစ်ပုဒ် ရေးဖြစ်သည်။ ဆရာဝင်းစည်သူတို့၊ ကိုညီပုလေးတို့၊ ကိုသိုက်တို့နှင့်တွေ့လျှင် ဆောင်းပါးတစ်ပုဒ်၊ ဝတ္ထုတစ်ပုဒ် ရေးဖြစ်ဖို့ တွန်းအားဖြစ်လာသည်။
အထူးသဖြင့် ကိုယ့်ရှေ့က ဆရာတွေ လျှမ်းလျှမ်းတောက်နေချိန်မှာ အားကျစိတ်က အလုပ်ရလဒ်တွေချည်း ဖြစ်နေ၏။ သည်တုန်းက မဟေသီ မဂ္ဂဇင်းကြီးမှာ “စာအိုး” ကလည်း အားကောင်းမောင်းသန်၊
“စာအိုး”က ပထမလကတည်းက အားလုံး အာရုံစူးစိုက်စရာ ဖြစ်သည်။ ဘယ်သူလဲ၊ ဘာလဲ၊ ဘယ်လဲပေါ့။ လက်ကတော့ အညာလက်။ ဤနည်းဤပုံ စိတ်ဝင်စားမှုမျိုးဖြင့် ဖောက်ခွဲလိုက်သည့်စာအိုး ဖြစ်သည်။ ကျွန်တော်ပြောခဲ့ပါပြီကော။ အထက်ဗမာပြည် (မြန်မာ)ပြည် စာရေးဆရာ အသင်း စာအုပ်စာတမ်း အလုပ်စခန်းများဖြင့် ပျော်ဝင်ခဲ့သူ လူကြီးသူမများက အခုလို “စာပေကြောင်းခြင်းရာ” ကို စောင်းပေးကိုင်စွဲလာသော “အညာလက်” စာပေဆောင်းပါးတစ်ပုဒ်အား သူက ကိုင်စွဲနေကျပေတံဖြင့် တိုင်းထွာဖို့ပြင်ဆင်ကာ “ဘာလဲ ဘာလဲ” မေးခွန်းထုတ်သည်။ ကျွန်တော်တို့ကလည်း ဘယ်လဲ ဘာလဲပေါ့။
ဗညားသီဟ၏ ဝေဖန်ရေးတွေအပေါ် စူးနစ်ခဲ့သော၊ ကိုလေးမြတ်၏ ဝေဖန်ရေးတွေအပေါ် နှစ်သက်ခဲ့သော ထို “သော” သုံးသော ဝတ်ရုံက ကျွန်တော်တို့အား လွှမ်းခြုံထားသောအခါ “စာအိုး”ကိုလည်း ကျွန်တော်တို့ ဝတ်ရုံထဲ ဆွဲသွင်းကြည့်မိခြင်းဖြစ်ပါ၏။
အထူးသဖြင့် တစ်လ၊ နှစ်လကြာသောအခါ စာအိုး ဘယ်သူလဲ၊ ဘာပြောမှာလဲ၊ ဘာကိုင်စွဲမှာလဲ ဆိုတာ ပူပူလောင်လောင် မေးခွန်းတွေ ဖြစ်လာသည့် မဟေသီဟူသော မဂ္ဂဇင်းကြီးမှာ သူ့သြဇာက တိုးတက်ဖို့ သေချာနေသည်။ မပေါ့နဲ့။
သုံးလ လေးလ။ စာအိုး ဘယ်သူလဲ၊ ဘယ်လဲ၊ ဘာလဲက အတော်ဆုပ်ကိုင်ရခက်နေ၏။ ဟော တစ်လညွှန်းတာက သရုပ်မှန်တွေ ချည်း။ ဟော တစ်လညွှန်းတာ မော်ဒန်တွေချည်း။ တစ်လကိုးကားတာ ဒဂုန်တာရာ၊ တစ်လကိုးကားတာ ထင်လင်း၊ တစ်လကိုးကားတာ မောင်ထင်၊ တစ်လ ကိုးကားတာ ကြည်အေး။ သို့သော် “စာအိုး” သည် မိုးယံတွင် ရောင်စုံပန်းအလှဆင်တွေဖြင့် မော့ကြည့်လာရသည်။ ရေခဲသည် အရည် ပျော်သွားသောအခါ “စာအိုးများ” ကို သိလာရ၏။ ဒီဆရာအလှည့်မို့ ဒီလ ဘာညွှန်း၊ ဘာဇောင်းပေးမှာဆိုတာလည်း ခန့်မှန်းရတာ ပျော်စရာ ကောင်းလာ၏။ အတော်လည်း အပျင်းပြေလာသည်။ ထားတော့။
(ဆက်ရန်)
