ကဆုန်ပေါက် နရီ (၂)

ဆူးငှက်
ရွှေဝတ်ရည်က ပထမကနဦးစာအုပ် ထွက်လာဖို့ ပြင်ဆင်နေတာ အတောင်ရင့်သန်နေပြီ။ ကဏ္ဍတွေ စုံသလောက်ရှိလာပြီ။ မကြာခင် ထွက်တော့မည်ဆိုသော သတင်းကလည်း ပင့်သက်မထားက မျှော်လင့်နေရသည်။ မှတ်မှတ်ရရ။ ကိုသိုက်ထွန်းသက်တို့၊ ကိုရဲသျှမ်းတို့ရှိရာ ကိုညီပုလေး စာအုပ်ဆိုင်ရှေ့ ဗာဒံပင်ရိပ်မှာ ခဏတစ်ဖြုတ် ဝင်ရောက်နားနေပြီး ကိုသိုက်ထွန်းသက်နှင့် ပြန်အထ လမ်းမှာ ဆရာဝင်းစည်သူနှင့် အမှတ်မထင်တွေ့တော့ ဆရာက ကိုသိုက်ထွန်းသက်ကို ရွှေဝတ်ရည်က အရေးတကြီး စာပေဝေဖန်ရေးဆောင်းပါး တစ်စောင် တောင်းနေကြောင်း၊ စာအိုးကဲ့သို့ စုရေးပေးရန်ဖြစ်ကြောင်း ပြော၏။ သို့သော် ဒီဆရာများမှာက “စာအိုး” တာဝန်ကို မအား မလပ် ထမ်းဆောင်နေရတော့ ရွှေဝတ်ရည်က ပေးသော တာဝန်ကို ထပ်ဆင့်ထမ်းဖို့ အချိန်မပေးနိုင် ဖြစ်နေကြပုံရသည်။ အားကြိုး မာန်တက်မရှိလှ။ သို့သော် ဆရာဝင်းစည်သူက တာဝန်ယူခဲ့ပြီးပုံ လည်းရ၏။ သည်ကိစ္စပြောနေသည်က ၃၃ လမ်းအထက် ၈၃ လမ်းထောင့် နေပူလည်ခေါင်မှာ။
နောက်ဆုံး ဆရာဝင်းစည်သူက တစ်စုံတစ်ရာ ဆုံးဖြတ်လိုက်တော့သည်။ စာမူက မနက်ဖြန်ကိုပဲ ပေးတော့မည်တဲ့။ ဒါကြောင့် မြန်မြန်ဆုံးဖြတ်ရမည်။ ဒီလိုလုပ်။ တစ်ယောက်ယောက်ကို ဦးတည်ပြီး သူ့ဝတ္ထုတိုတွေကို ဝေဖန်၊ ဒီလို လစဉ် ဆရာယောက်စီ တစ်ယောက်စီရဲ့ ဝတ္ထုတွေ ဝေဖန်ကြမည်တဲ့။ ကဲ ပြောနေကြာတယ်ဗျာ၊ ပထမဆုံးလမှာ ကိုသိုက်ထွန်းသက် ဝတ္ထုတွေ စဝေဖန်မယ်ဆို တော့ ကိုသိုက်ထွန်းသက်ကလည်း သဘောတူသည်။ ကဲ ဒါဆို ပြတ်ပြီ။ ဘယ်သူတွေက ရေးမှာလဲဟု ကိုသိုက်ထွန်းသက် မေးတော့ ဆရာဝင်းစည်သူက “ဒီလိုလုပ်ဗျာ၊ ကိုသိုက်ဝတ္ထုတွေအပေါ် အမြင်ကို တစ်ယောက်စီရေးကြမယ်။ ပြီးတော့ စုလိုက်မယ်၊ တစ်ပုဒ်ဖြစ် ရော။ ဒီလိုလုပ်ဗျာ၊ ဟိုလူတွေနဲ့လည်း မတွေ့သေးဘူး (ကျွန်တော့်ဘက် လှည့်၍) ကိုသိုက်ဝတ္ထုတွေအပေါ် အမြင်ကို ၂ မျက်နှာစာလောက် ခင်ဗျားလည်း ရေးလိုက်ပါ။ နက်ဖြန်ခါ ရချင်တယ်ဗျာ။ ကျွန်တော်လည်း ရေးခဲ့မယ်။ ဟိုဆရာတွေလည်း ရေးခိုင်းမယ်။ ကဲ အချိန်မရှိဘူး လမ်းခွဲနဲ့” ဟု ဆိုကာ ဆရာဝင်းစည်သူက ၃၃ လမ်းအတိုင်း ဆင်းသွားသည်။
ဆိုပါစို့။ နောက်ရက်တွင် ကိုသိုက်ထွန်းသက် ဝတ္ထုတွေအပေါ် ကျွန်တော့်ဝေဖန်ချက်ကို ယူသွားတော့ ဆရာများမှာ စာအိုးနှင့် မအားမလပ်နေတော့ ဘယ်သူမှ ဘာမှ မရေးရသေး။ ထိုအခါ ဆရာဝင်းစည်သူက ကျွန်တော့်ကော်ပီကိုကြည့်ကာ ဟာ ဒါဆိုပြီးနေပြီပဲ။ ကျွန်တော်တို့ မရေးတော့ပါဘူး။ ခင်ဗျားနဲ့တင် ပြည့်စုံသွားပြီပဲ။ ကျွန်တော် အခုပဲ ရွှေဝတ်ရည် သွားပေးလိုက်တော့မယ်။ နေဦး ကလောင်နာမည် စဉ်းစားကြရအောင်၊ ဒီလိုလုပ်ဗျာ “ရှားပန်း” ကြိုက်လားဟု ဆိုကာ ကော်ပီကို ကိုင်ကာ ဆိုင်ကယ်ဖြင့် ဝူးခနဲ ထွက်သွား တော့၏။ ဤသို့ဖြင့် ကျွန်တော်လည်း ရွှေဝတ်ရည်မှာ “ရှားပန်း” နာမည်ဖြင့် ဝေဖန်ရေးတွေ ရေးဖြစ်တော့သည်။ ရန်ကုန်က မဟေသီ မဂ္ဂဇင်းကြီးမှာ တာဝန်ယူထားရသဖြင့် မအားမလပ်ဖြစ်နေသောကြောင့် မန္တလေး ရွှေဝတ်ရည်မှာ ကျွန်တော့်အတွက် နေရာကလေးတစ်ခု ပေးခဲ့သော ဆရာဝင်းစည်သူကလည်း လစဉ် ကော်ပီ ပေးရမည့်ရက်ဆိုလျှင် လစဉ်ရေးဖြစ်အောင် တိုက်တွန်းသည်။ ကျွန်တော်တို့ကို ကြည့်ပြီး ကိုအော်ပီကျယ်က ကာတွန်းလေးတစ်ပုဒ်ဖြင့် ကလိသည်။ ထိုကာတွန်းက ရွှေဝတ်ရည် အမှတ် (၃) မှာ ပါ၏။
ရွှေဝတ်ရည်မှာ “ရှားပန်း” နှစ်ပုဒ် သုံးပုဒ် ရေးဆဲပင် ဆရာ မောင်သစ်လွင် (လူထု) က ကျွန်တော့်ကို ခေါ်တွေ့သည်။ ကျွန်တော့် အရေးအသား စကားအသုံးအနှုန်းတချို့က ခွာတကြွကြွ၊ ချိုတဝင့်ဝင့်ဖြစ်နေတော့ သင်ကြားသည်။ တည့်မတ်ပေးသည်။ ဤသို့ဖြင့် ရွှေဝတ်ရည်မှာ ဆရာ သိုက်ထွန်းသက် ဝတ္ထုတွေကို ပဟေဠိ အဖြေညှိစရာ ပုစ္ဆာတွေဟု ပြောခဲ့သလို ဆရာ ကိုရိုးကွန့် ဝတ္ထုတွေ ဖတ်ရတာကိုလည်း အညာဆန် မီးသင်္ဘောကြီးနှင့် ခရီးသွားရသလို တင်စားခဲ့သလို၊ ဆရာ ကျော်စွာထက်၏ “တစ်ချိန်ကတော့ အကြောင်း အရာနဲ့ ပုံသဏ္ဌာန်မှာ အကြောင်းအရာသာ ပဓာနဆိုတဲ့ အယူအဆတွေ တော်တော်လွှမ်းမိုးခဲ့တယ်။ ကဗျာရေးရင် အတတ်ပညာချို့တဲ့တာ၊ မချို့တဲ့တာ အရေးမကြီးဘူး၊ အရေးကြီးတာက အဘိဓမ္မာ မချို့တဲ့ဖို့ပဲဆိုတဲ့ စကားလုံးတွေနဲ့ လူတွင်ကျယ်လုပ်ခဲ့တဲ့ လက်ဝဲဝါဒီတွေက စာပေလောကမှာ တော်တော်နေရာရခဲ့ပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေကြောင့်ပဲ ကျွန်တော်တို့စာပေဟာ တော်တော်ပျက်စီးခဲ့ရတယ်” ဟူသော ၁၉၈၉ ဒီဇင်ဘာလ ပေဖူးလွှာမဂ္ဂဇင်းပါ အင်တာဗျူးအပေါ် အစာမကြေ ပြန်လှန်ရေးသားခဲ့သည်။
ထို့ပြင် မန္တ လေးက စာရေးဆရာမ (၄) ဦး ဝတ္ထုတိုတွေကိုလည်း အားမနာ လျှာမကျိုး ပြောဆိုခဲ့ဖူးပါ၏။ ရွှေဝတ်ရည် အမှတ် (၄) မှာတော့ “သံမဏိပျိုးခင်းထဲက နှစ်သစ်ကြိုသီချင်းသံ” ဟူသော ခေါင်းစည်း အောက်၌
“ဒီနေ့ အနုပညာပစ္စည်းတွေ ဖန်တီးနေကြတဲ့ ကျွန်တော်တို့တစ်တွေ ပရိသတ်ရဲ့ အာသီသကို ဘယ်လောက်ထိ ပြည့်အောင် ဖြည့်နိုင်ခဲ့ကြသလဲ။ ဘယ်လောက်ထိ သူတို့ရဲ့ ဝေဒနာကို ကိုယ်စားပြုနိုင်ပြီလဲ။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ဟာ ဗီဇ၊ ပါရမီနဲ့ အစဉ်အလာကို တပြပြလုပ်ပြီး အနုပညာသက်သက်မှာပဲ တလွဲဆံပင်ကောင်းနေကြတယ်။ စူးစမ်းလို၊ တွေးခေါ်လို၊ တွန်းထွက်လို၊ တည်ထောင်လိုတဲ့ ဇာတိစိတ်ကလေးတောင် အားမထုတ်လိုကြဘူး။ အခက်အခဲအမျိုးမျိုးကြားက မိမိအနုပညာပစ္စည်းကို ပစ်မှတ်ဆီ ထိမှန်အောင် ပစ်လွှတ်ဖို့ မကြိုးစားခင်ကပဲ ဆင်ခြေတွေကို အိတ်ထောင်ထဲ အရန်သင့်ထည့်ထားကြတယ်။
နာမည်ကြီး ကျော်ကြားလိုခြင်း ဝေဒနာ၊ ပုံနှိပ်စာလုံးပါ အရေအတွက်၊ စင်မြင့်ထက်က ဂုဏ်ပြုလွှာ၊ လုံးချင်း၊ ပေါင်းချုပ်ရောဂါ တွေက ကျွန်တော်တို့ကို စွဲကပ်နေတယ်။ ဒီလိုနဲ့ ပရိသတ်ဟာ “သမိုင်းဘီး” နောက်က တဟုန်ထိုး အုတ်အော် သောင်းနင်း လိုက်ပါ သွားချိန်မှာ ကျွန်တော်တို့တစ်တွေကတော့ လက်ဖက်ရည်ဆိုင်စားပွဲမှာပဲ တစ်ခါတစ်ခါ သီအိုရီတွေ အပြိုင်အဆိုင်ရွတ်တဲ့ ကြက်တူရွေး ဖြစ်လိုက်၊
တစ်ခါတစ်ခါ ရောင်းကုန်ပစ္စည်းကို အင်္ဂလန်က ဘင်သံနဲ့ ကြော်ငြာနေတဲ့ မျက်လှည့်ဆရာဖြစ်လိုက်၊
တစ်ခါတစ်ခါ စာမျက်နှာ ပေါ်မှာ အပြန်အလှန် ဆဲရေး သတ်ပုတ်တဲ့ ငါးစိမ်းသည်ဖြစ်လိုက်၊
ဒီလိုနဲ့ မိမိအနုပညာပစ္စည်းကို ပရိသတ်ဝေဒနာနဲ့ ချိန်ထိုးဖို့ သတိကင်းလွတ်ခဲ့ကြတယ်။ ဒီလိုနဲ့ ပရိသတ်ရင်ထဲ အတွေး အမြင်တစ်ရပ် ပေါ်ပေါက်လာအောင် လှုံ့ဆော်နိုင်စွမ်း ဆိတ်သုဉ်းလာတယ်။ ဆိုးဝါးနေတာက ကျွန်တော်တို့ဟာ ဖန်တီးလိုက်တဲ့ အနုပညာနဲ့ပတ်သက်ပြီး မိမိကိုယ်မိမိ ကြင်နာသနား နေကြခြင်းပါပဲ”
ဟု ရေးသားလိုက်ပါသည်။ ထိုအခါ ….
-၀- -၀- -၀-
(ဆက်ရန်)

Related posts

Leave a Comment

VOM News

FREE
VIEW