ထရန့် သမ္မတဖြစ်နေသရွေ့ ထိုင်ဝမ်ကို မတိုက်ခိုက်ဘူးလို့ တရုတ်သမ္မတ ရှီကျင်းပင် ပြောကြားခဲ့

ဝါရှင်တန်၊ ဩဂုတ်-၁၆-၂၀၂၅
မျိုးဆက်(VOM)
ထရန့် သမ္မတ ရာထူးတာဝန်ထမ်းဆောင်နေချိန်အတွင်း တရုတ်ဟာ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မှာ မဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင်းပင်က ပြောဆိုခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားသမ္မတပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် Fox သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ထရန့်က အခုလို ထုတ်ဖော်ပြောကြားလိုက်တာပါ။ သူသမ္မတဖြစ်နေသရွေ့ ဒီလိုဖြစ်လာမယ် မထင်ဘူးလို့ ထရန့်က ဆိုပါတယ်။
တရုတ်သမ္မတ ရှီကျင်းပင်ကလည်း ထရန့်သမ္မတဖြစ်နေသရွေ့ ဒီကိစ္စကို လုပ်မှာမဟုတ်ကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့ အင်မတန် စိတ်ရှည်တယ်လို့ ပြောဆိုခဲ့ကြောင်း ဒေါ်နယ်ထရန့်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဝါရှင်တန်ရှိ တရုတ်သံရုံးက မှတ်ချက်ပြု ပြောဆိုခြင်းမျိုး မရှိပါဘူး။ ထရန့်နဲ့ ရှီကျင်းပင်တို့ဟာ ထရန့်ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွင်း ဇွန်လက ပထမဆုံးအကြိမ် တယ်လီဖုန်း ဆက်သွယ်ဆွေးနွေးခဲ့ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးမှာ လိုအပ်ပါက စစ်ရေးအင်အားအသုံးပြုမယ်လို့ ပြောဆိုထားပါတယ်။ထိုင်ဝမ်ကတော့ ဒီကိစ္စအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ဆဲဖြစ်ပြီး ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင်လို့ ဆိုပါတယ်။
အမေရိကန်ဟာ ထိုင်ဝမ်အတွက် အဓိကလက်နက်ထောက်ပံ့တဲ့နိုင်ငံဖြစ်ပြီး အခြားနိုင်ငံတွေနည်းတူ ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေး မရှိပါဘူး။ ထိုင်ဝမ်ကျွန်းကို လက်နက်တွေရောင်းချမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကတော့ အမေရိကန်ကို ကြိမ်ဖန်များစွာ သတိပေးထားပါတယ်။
Ref:CNA
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW