ရန်ကုန်- မန္တလေး အမြန်လမ်းမှာ ယာဥ်တိုက်မှုဖြစ်ပြီး နှစ်ယောက်သေဆုံး

ဩဂုတ် ၁၇၊ ၂၀၂၅
GG (VOM)
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၄၀/၀)နဲ့ (၄၀/၁)ကြားမှာ ကုန်တင်ကားနှစ်စီး တိုက်မိပြီး အမျိုးသားနှစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ဩဂုတ် ၁၇ ရက်နေ့ မနက် ၂ နာရီကျော်လောက်မှာ ယာဥ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဥ်ကြောင့် လမ်းသွားလမ်းလာ အမျိုးသားနဲ့ ကုန်ကားတစီးက ယာဥ်မောင်းအမျိုးသားတို့ သေဆုံးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
” ကားက နှစ်စီးလုံးကုန်ကားတွေပါ။ ကားနှစ်စီးလုံးက မန္တလေးကိုသွားမယ့်ကားတွေပါ။ အခုဖြစ်တာက ရှေ့ကကုန်ကားကို လူတယောက်ကတားလို့ ကားအရှိန်လျှော့တာမှာ နောက်ကပါလာတဲ့ကုန်ကားက ဝင်တိုက်လိုက်တော့ ဝင်တိုက်တဲ့ကုန်ကားဆရာသေတယ်။ လမ်းတားတဲ့လူကိုတော့ အတိုက်ခံရတဲ့ကုန်ကားက ထပ်တိုက်တာမှာသေသွားတယ် ။ဒဏ်ရာရသူလည်းရှိပေမယ့် မစိုးရိမ်ရဒဏ်ရာပါ။ သေတဲ့သူနှစ်​ယောက်လုံးက အသက် ၃၀ ကျော်လောက်ပဲရှိအုံးမယ်။ သူတို့ဘယ်ကလဲဆိုတာတော့မသိဘူး။ ” လို့ ဖြစ်စဥ်သိရှိသူကပြောပါတယ်။
ယာဥ်တိုက်မှုအတွင်း သေဆုံးခဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရ ရှိသူတွေကိုတော့ ပဲခူးဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
ဇူလိုင် ၂၄ ရက်နေ့ကလည်း ရန်ကုန်-မန္တလေအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၅၉/၃-၄)ဖာလုံကြားမှာ ယာဥ်တိုက်မှုဖြစ်ပြီး အမျိုးသမီး နှစ်ယောက်သေဆုံးခဲ့ပြီး လေးယောက်မှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ယခု ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီမှ ဇွန်လအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ယာဉ်တိုက်မှုပေါင်း ၉၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၁၉ ယောက်ရှိပြီး သေဆုံးသူ ၂၈ ယောက်ရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကသိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကဆိုရင် ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဥ်တိုက်မှုပေါင်း ၁၀၀ ကျော်ရှိပြီး လူ ၈၈ ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၆၀ ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မီးသတ်ဌာန

Related posts

Leave a Comment

VOM News

FREE
VIEW