ကဆုန်ပေါက်နရီ (၄)

ဆူးငှက်
မဖြစ်စလောက် အရိပ်ကလေးကိုပေးသည့် လူလားမြောက်စ ပင်လယ်ကဗွီးပင်ကလေးအောက်က ခုံတန်းရှည်ကလေးမှာ မနက်စောစော ခုနစ်နာရီခွဲလောက်ဆိုလျှင် ပိုက်ဆံအိတ်ကြီး ချိုင်းကြားညှပ်လျက် ချမ်းမင်းအိမ် ရောက်လာတတ်၏။ လူပုံစံက သပ်ရပ်၊ ကြော့ရှင်း၊ မွှေးမြ မာယာထောင်ချောက် ရုပ်ရှင်ကားထဲမှ မင်းသားအောင်လွင်လိုလို.. ချစ်သူ ရွေးမယ် ချစ်ဝဲလယ်ထဲက မင်းသား ဝင်းဦးလိုလို…။ ချမ်းမင်းအိမ်ကား ထိုစဉ်က ရန်မျိုးလုံအရပ်ထဲရှိ သူ့ အစ်မအိမ်မှာနေ၏။ သူ့အစ်မအိမ်က ပုံစံလှလှ၊ ခေတ်မီမီ တစ်ထပ်တိုက်ကလေးဖြစ်သည်။ သည်တိုက်ဆောက်ပြီးနောက် ချမ်းမင်းအိမ်က အင်ဂျင်နီယာတစ်ဦးနှင့်တွဲကာ အဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းတွေ ကန်ထရိုက်ယူဆောင်ရွက်နေ၏။ တစ်ဘက်ကလည်း ထိုအချိန်က စတင်ခေတ်စားနေသော မြေအရောင်း အဝယ် လုပ်ငန်းလည်း လုပ်သည်။
သူက မနက်လင်းလျှင် ကျွန်တော့်အိမ်ရောက်လာသည်။ အိပ်ရာ ထစ ဂဂျီဂဂျောင်လုပ်ကာ မျက်ရည်နှင့်မျက်ရည်ခွက် ဖြစ်နေသော ကျွန်တော့် သားအငယ်ကောင်ကို စသည်။ မဂ္ဂဇင်းစာအုပ်တွေ ထိုင်ဖတ်သည်။ ပြီးတော့ ကျွန်တော့်ကို လက်ဖက်ရည်ဆိုင် ခေါ်သွားကာ သူ့ရည်းစားတွေအကြောင်း၊ သူ့ကဗျာတွေအကြောင်း ပြောတတ်သည်။ တစ်ခါတစ်ရံ သူက သူ့မြေပွဲစားလုပ်ငန်း၊ ကန်ထ ရိုက်လုပ်ငန်းများအတွက် အလုပ်ကိစ္စ ပြောဆိုရ ကျွန်တော့်အိမ်မှာပင် တာရဲတန်း လမ်း ၈၀ က ဒေါက်တာ တင်မောင်ထွန်းကို ချိန်းဆိုထားတတ်၏။ ဒေါက်တာတင်မောင်ထွန်း ဆန်နီအဝါလေးနှင့် လာတတ်သည်။ မည်သို့သောတံဆိပ်မျိုးစုံနှင့် စီးကရက်တွေ ပါဝင် ပါစေ၊ အိတ်စပို့ ဒူးယားကို အိတ်ထဲမှာ ဘူးလိုက်ဆောင်ထားပြီး စီးကရက်ကို မီးကူးကာ တစ်လိပ်ပြီးတစ်လိပ် သောက်သူဖြစ်သည်။ ဒေါက်တာ တင်မောင်ထွန်းက ကျောက်တွင်းပိုင်ရှင်တွေ၊ သစ်ကန်ထရိုက်အကွက်များ ယူထားသည့် အဖွဲ့အစည်းပုဂ္ဂိုလ်တွေ၊ လုပ်ငန်းရှင် တွေ၊ မြေပွဲစားတွေနှင့် အပေါင်းအသင်းဆံ့သည်။ ကျောက်လောက၊ သစ်လောကထဲ နှံ့စပ်သူ ဖြစ်သည်။
ချမ်းမင်းအိမ်နှင့် ဒေါက်တာတင်မောင်ထွန်း ကျွန်တော့်အိမ်မှာဆုံပြီး မြေကွက်တွေစပ်ကြ ဟပ်ကြသည်။ အရောင်အဝယ်ဖြစ်ကြ သည်။
ကျွန်တော်ကား သူတို့နှစ်ဦးနှင့် လက်ဖက်ရည် တစ်စားပွဲတည်းပေမင့် အံ့သြငေးမောနေသူတစ်ဦးသာ။ ဒေါက်တာတင်မောင်ထွန်း စီးကရက် တဖွာဖွာနှင့် ပြောပြနေသော ကာရာအိုကေအကြောင်း၊ ခေါင်းလျှော်ဆိုင်များအကြောင်း၊ ကျောက်မဲ-လာရှိုးလမ်းမကြီးပေါ်က ကားကြုံစီးသူ နတ်မိမယ်လေးများအကြောင်း၊ မဲဇာသစ်လုပ်ကွက်များအကြောင်း မညည်းတမ်း နားထောင်ရသည်။ တစ်မနက်ခင်း ကုန်ရော။
တစ်ခါတစ်ရံ စိတ်လိုလက်ရရှိလျှင် ဒေါက်တာတင်မောင်ထွန်းက ဝတ္ထုတိုတွေအကြောင်း၊ စာပေသဘောတရားတွေအကြောင်း နှံ့စပ်စွာပြောတတ်သည်။ သည်လို စာအကြောင်း ပေအကြောင်းတွေ ပြောဖန်များလာသောအခါမှ ဆန်နီကားလေးနှင့်၊ ဂျက်ကော့ဂျာကင် နှင့် ဘောင်းဘီအိတ်ထဲ စီးကရက်ဘူးထည့်ကာ ရေဘင်မျက်မှန်တဝင်းဝင်းနှင့် ခေတ်သစ်လုပ်ငန်းရှင် ဒေါက်တာတင်မောင်ထွန်း ပုံရိပ်က တဖြည်းဖြည်းဝါးသွားကာ စာရေးဆရာ ညိုထွန်းလူ ပုံရိပ်က တဖြည်းဖြည်း ပီပြင်ပြတ်သားလာတော့၏။ ကင်မရာ ချောင်းကြည့်ပေါက်မှ တစ်ဆင့် မြင်ရသော မှန်ဘီးလူးပုံရိပ်သည် ပြတ်သားမျဉ်းနှင့် ဖြည်းဖြည်းချင်း တစ်ထပ်တည်းကျပြီး ပီပြင်လာခြင်း..။
မနက်ပိုင်းမှာက ကျွန်တော့်အိမ်ရှေ့ ပင်လယ်ကဗွီးပင်ရိပ်လေးမှာ ရောက်လာတတ်တာ…၊ ချမ်းမင်းအိမ်၊ ကိုညိုထွန်းလူတို့ အပြင်…၊ ယမုံဖူး ကလေး စက်ဘီးရှေ့ခုံမှာတင်ပြီး ကိုအော်ပီကျယ်လည်း ရောက်လာသည်။ ကိုအော်ပီကျယ်က ရောက်လာလျှင် ကျွန်တော့်စာအုပ်ဆိုင်လေးထဲက မဂ္ဂဇင်းစာအုပ် ၄ အုပ် ၅ အုပ်ကို တစ်ထပ်တည်းထပ်ကာ တစ်ရွက်ချင်း၊ တစ်အုပ်ချင်း အားပါးတရ တစ်ထိုင်တည်းဖတ်သည်။ ပြီးမှ လက်ဖက်ရည်ဆိုင်လိုက်လာသည်။ ကာတွန်းတွေအကြောင်း ပြောသည်။ ရယ်စရာ မောစရာ ပြောသည်။ ခရမ်းရောင်စာပေမှာ အင်္ဂလိပ် ကာတွန်းစာအုပ်တစ်အုပ် ရောက်လာပြီဟူသောသတင်း သိုးသိုးသန့်သန့် ကြားရုံမျှဖြင့် အပြေးအလွှား သွားကြည့်သည်။ မဖြစ်မနေ ဝယ်တတ်သည်။ အငမ်းမရ ဖတ်တော့သည်။ တစ်ခါတစ်ရံ ကျွန်တော့်ဆီက နီကွန် FM ကင်မရာလေး ယူသွားပြီး ပြည်ဘက် ခရီးထွက်သွားတတ်သည်။
သူ့လို ရောက်လာသူတစ်ဦးက ကိုစိုးဝင်းငြိမ်း ဖြစ်သည်။ သူက စက်ဘီးအပြာနုလှလှလေး အမြဲစီးလာသည်။ ကိုစိုးဝင်းငြိမ်းက အဲသည်တုန်းက ဘုရားကြီးအနောက်မုခ် တက်သေးမယ်တော်ကြီးဝင်းအိမ်သည် မြို့သစ်မပြောင်းသေးသော်လည်း အိမ်မှာအိပ်သည့် ရက်က နည်းသည်။ နေသူရိန်ဝင်းတွင်းရှိ ရေပေးရေး ပစ္စည်းသိုလှောင်ဂိုဒေါင်ရှိ သူငယ်ချင်း ကိုသန်းဦးအခန်းမှာ အိပ်သည်က များသည်။ ထို့နောက် ညွှန့်ပေါင်းဈေးမှာ ဆိုင်ခန်းလေးငှားတော့ ဆိုင်ခန်းမှာ အိပ်သည်။ ကိုစိုးဝင်းငြိမ်းကတော့ ကျွန်တော်နှင့် လက်ဖက်ရည်ဆိုင် လိုက်လာပါမှ သူ့စက်ဘီးကိုယူကာ ကျွန်တော့်အမျိုးသမီးက ဈေးသွားရသည်။
တချို့ ရက်များဆိုလျှင် ကိုစိုးဝင်းငြိမ်းက မနက်စာ အိမ်မှာစားပြီး နေ့လယ် (၁) နာရီတွင် ကျွန်တော်နှင့် ၂၂ စီလမ်းက “ရတနာ” မှာ ဗွီဒီယို သွားကြည့်ကြ၏။ တစ်ခါတစ်ရံ ၄၂လမ်း ကိုသင်းပန်အိမ် အရှေ့ဘက်က ဗွီဒီယိုသို့လည်း ရောက်တတ်သည်။ ထိုဗွီဒီယိုရုံများမှာ ကိုကျော်စိုးဝင်းနှင့် ချိန်းထားသည်။ ထိုအချိန် ကိုကျော်စိုးဝင်းက ‘လူထု’မှာ…။
မနက်ပိုင်းမှာ ကျွန်တော့်အိမ်သို့ ရောက်လာသူနောက်တစ်ဦးက ဆရာမ ညိုညိုတင်လှ ဖြစ်သည်။ သူက မန္တလေးဆေးတက္ကသိုလ်၊ မြန်မာစာဌာနက ဆရာမမို့ အဆောင်မှာနေ၏။ ကျောင်းဖွင့်ရက်ဆိုလျှင် မနက်ပိုင်း၌ ဆရာမ စုထားနှင့်အတူ ၃၁ လမ်းက ဒေါက်တာ နည်ဝင်း (ကြည်ဇော်ဝင်း) အိမ်မှာ လက်ဖက်ရည်သောက်ပြီးမှ ကျောင်းတက်တတ်သလို အတန်းမရှိရက်၊ ကျောင်းပိတ်ရက်ဆိုလျှင် ကျွန်တော့်အိမ်သို့ ရောက်လာပြီး ကျွန်တော့်အမျိုးသမီးနှင့် နှစ်ယောက် လက်ဖက်ရည်လိုက်သောက်သည်။ အိမ်မှာ အေးအေးဆေးဆေး နားသည်။ သူ့ ဖေးဘရိတ် “တူးတူး” သီချင်းတွေကို ကက်ဆက်ဖွင့်ကာ စိတ်လိုလက်ရ လိုက်ဆိုတတ်၏။
ကျွန်တော့်ဆီ မနက်ပိုင်းစုကြသူများက အိမ်နှင့်ပါ ရင်းနှီးနေကာ ကျွန်တော့်အိမ်တွင်းရေးပါ သိရှိထားကြပြီး မျှဝေခံစားကြသူချည်း ဖြစ်နေသည်။ လိုအပ်သမျှ ဝိုင်းဝန်းကူညီကြသည်။ ရေးဖို့သားဖို့ ကြောင်းခြင်းရာတွေ ပြောဆိုကြသည်။ မုဒိတာစိတ်ဖြင့် နွေးထွေးကြ၏။
ကျွန်တော်က စာအုပ်အငှားဆိုင်လေးရှိတော့ ညပိုင်းမှာလည်း သည်လူတွေပဲ ပြန်ရောက်လာကြသည်။ စာအုပ်ငှား စားပွဲလေးမှာ ဝင်ထိုင်ပြီး ကူညီကြသည်။ ညပိုင်းမှာတော့ ထိုစားပွဲလေးရှိရာ ခုံရှည်သို့ ကိုကျော်စိုးဝင်းလည်း ရောက်လာတတ်၏။ ကိုပိုင်စိုးဝေလည်း ရောက်လာတတ်၏။
ဆရာဝင်းစည်သူလည်း ရောက်လာတတ်၏။ ထို့အတူ ကိုရိုးကွန် ကြည်ဇော်ဝင်းတို့လည်း ရောက်လာတတ်သည်။ ကျွန်တော့် စာအုပ်အငှားဆိုင်လေး၏ စာရင်းစာအုပ်လေးထဲမှာ စာရေးဆရာများ၏ လက်ရေးအစုံရှိနေသည်။ ကူညီညာပြီး စာအုပ်စာရင်း မှတ်ပေး သည့် လက်ရေးတွေအပြင် အချင်းချင်းချိန်းဆို၊ ပြောဆိုချင်သော အကြောင်းအရာတွေလည်း စာရင်းစာအုပ်၏ နောက်ဆုံးစာမျက်နှာကို လှန်လှော ရေးသွား လက်မှတ်ထိုးသွားကြသည်။ ရန်ကုန်ရောက် မန္တလေးသား စာရေးဆရာကြီးများ၏ အချိန်းအချက် လက်ရေးများပင် ရှိသည်။ “စိုးဝင်းငြိမ်း၊ ငါ့ မန္တလေးရသစာစု မဂ္ဂဇင်းအတွက် ဒီဇိုင်းကိစ္စပြောရအောင် မနက်ဖြန်ကာ လပ်ကီးဟော်တယ်လာခဲ့၊ စောင့်နေမယ်” ဟူသောစာမျိုး ဖြစ်၏။
စကားမစပ် ကျွန်တော့်စာအုပ်ဆိုင်လေး၏ စာရင်းစာအုပ်မှာ ရုပ်ရှင်မင်းသမီးနှစ်ယောက်၏ စာအုပ်စာရင်းမှတ်သော လက်ရေး ပင်ရှိခဲ့ဖူးသည်။ ဖြစ်ပုံက သည်လို..။
(ဆက်ရန်)

Related posts

Leave a Comment

VOM News

FREE
VIEW