ကယားပြည်နယ် ဘီလူးချောင်း အရှေ့ဘက်ကမ်းကပြည်သူတွေကို သုံးရက်အတွင်းနေရာပြောင်းရွှေ့ဖို့ KNDF စာထုတ်

ဩဂုတ် ၁၉ ၊ ၂၀၂၅
GG (VOM)
ကယားပြည်နယ် ၊ ဘီလူးချောင်းအရှေ့ဘက်ကမ်းရှိ ပြည်သူတွေအနေနဲ့ ဩဂုတ် ၁၉ ရက်နေ့မှစပြီး သုံးရက်အတွင်း အဆိုပါနေရာကနေ ရွှေ့ပြောင်းကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF အဖွဲ့ တွေက ဩဂုတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်သတိပေးလိုက်ပါတယ်။
အဆိုပါ ဘီလူးချောင်းအရှေ့ဘက်ကမ်းရှိ ဘုရားနီ ၊ ပီကင်းကောခူ ရွာတွေဘက်မှာ လက်ရှိအစိုးရတပ်ဖွဲ့တွေနဲ့ KNDF တပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ဇုန်ဖြစ်နေတာကြောင့် ကျန်ရှိနေသေးတဲ့ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကိုပြောင်းရွှေ့ဖို့ စာထုတ်သတိပေးတာဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီနေသူကပြောပါတယ်။
” အဲဒီဘုရားနီဘက်မှာ ဇူလိုင်လနောက်ဆုံးပတ်လောက်ထဲက တိုက်ပွဲတွေဆက်တိုက်ရှိတယ်။ခုလည်းရှိနေတာပဲ။ဘုရားနဲ့ ပီကင်းကောခူဘက်က ဒေသခံတွေထဲအရင်ကတည်းကစစ်ရှောင်နေကြသူတွေလည်းရှိတယ်။အခုက ကျန်နေတဲ့သူတွေကို ပြောင်းရွှေ့ပေးဖို့ စာထုတ်သတိပေးတာ။စစ်ရှောင်သူတွေကတော့ ဘေးလွတ်မယ်ထင်တဲ့ နီးစပ်ရာရွာတွေပြေးရတယ်။တချို့စစ်ရှောင်စခန်းပြေးတယ်။တောထဲတဲထိုးနေကြတာရှိတယ်။အရေးပေါ်ပြေးရတာထက်စာရင်တော့ ပြေးဖို့အချိန်ရရင် ယူလို့ရသမျှ ယူနိုင်သေးတာပေါ့။” လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူကပြောပါတယ်။
KNDF ကတော့ ဘီလူးချောင်းအရှေ့ဘက်ကမ်းးမှာ နေထိုင်တဲ့ပြည်သူတွေအနေနဲ့ ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်နေ့အတွင်း ဘီလူးချောင်းအနောက်ဘက်ကမ်းကိုဖြစ်စေ ၊ အခြားအန္တရာယ်ကင်းလွတ်ရာအရပ်ကိုဖြစ်စေ အပြီးပြောင်းရွှေ့ပေးဖို့ ထုတ်ပြန်စာမှာရေးသားထားပါတယ်။
ဒါအပြင် ရိတ်သိမ်းဖို့ကျန်ရှိနေသေးတဲ့ လုပ်ငန်းခွင်ကို သွားလာလုပ်ကိုင်ရာမှာလည်း မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာကြဖို့နဲ့ ကန့်သတ်ထားတဲ့ ညနေ ၆ နာရီမှာ မနက် ၆ နာရီအတွင်းမှာ ဘီလူးချောင်းအရှေ့ဘက်ကမ်းကို သွားလာခြင်းမလုပ်ဖို့တဆက်တည်းသတိပေးထားပါတယ်။
နောက်ပြီး ညအချိန်မတော် ဓာတ်မီးထွန်းခြင်း၊ဆူပူသောင်းကျန်းခြင်း၊အော်ဟစ်ဆဲဆိုခြင်း၊သွားလာလှုပ်ရှားခြင်းကိုလည်း ခွင့်မပြုကြောင်း နဲ့ အကယ်လို့ လိုက်နာခြင်းမရှိပါက ထိရောက်စွာအရေးယူခြင်းခံရမယ်ဆိုပြီး KNDF အမှတ် ၂ တပ်ရင်း ၊ KNDFအမှတ်(၃)တပ်ရင်း၊KNDFအမှတ်(၇)တပ်ရင်း၊KNDF ၂၆ ၊ KNDF ၂၈ တပ်ရင်းတွေက သတိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။
လက်ရှိ ဒီမော့ဆိုမြို့နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှု ၊ဒရုန်းဗုံးတိုက်ခိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။
မနေ့က ဩဂုတ် ၁၇ ရက်နေ့မှာဆိုရင် ဖားဆောင်းမြို့နယ်၊မော်ချီးဒေသမှာ လေကြောင်းနှစ်ကြိမ်တိုက်ခိုက်ခံရပြီး သေဆုံးသူ ၃၂ ယောက်အထိရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ခုနှစ်ယောက်ရှိခဲ့တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW