သြဂုတ် -၁၈-၂၀၂၅
နွယ်နီ(VOM
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ လေကြောင်းကနေ နေ့စဉ်နီးပါး ဗုံးကြဲခံနေရတာကြောင့် မြို့ခံ အများစု ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတာကြောင့် ကားခတွေ အဆမတန် ဈေးမြင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၂ ရက်နေ့ကနေ ၁၇ ရက်အထိ မိုးကုတ်မြို့ကို နလအ တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး သေဆုံးသူ ၃၀ ကျော် ရှိခဲ့သဖြင့် မြို့ခံအများစု ဘေးလွတ်ရာကို ရှောင်ပြေးနေ ကြတယ်လို့ မိုးကုတ်မြို့ခံ တယောက်က ပြောပါတယ်။
“နေ့တိုင်း ဗုံးကြဲနေတော့ မြို့ကနေ ထွက်ရတာပေါ့။ ဆက်နေဖို့လည်း မရဲတော့ဘူး။ အလုပ်လည်း မဖြစ်ကြတော့ဘူးဆိုတော့လေနော်။ မန္တလေးဘက်ကို ပြေးကြတာများ ပါတယ်”
မိုးကုတ်ကနေ ထွက်ခွာသူများနေတာကြောင့် မိုးကုတ်–မန္တလေး ကားခ ဈေးတွေ ဒီရက် ပိုင်း နှစ်သိန်းနီးပါးဈေးတက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အရင်က သုံးသိန်းဆို အခု ငါးသိန်း၊ ခြောက်သိန်း ဖြစ်ကုန်ပြီ။ ထွက်တဲ့သူ တအားများတာရော၊ လမ်းကလည်း ကြမ်းတော့ ကားသမားတွေက တောင်းကြတယ်။ အဆင်မပြေလည်း ဟိုဖန်ဒီဖန်လုပ်ပြီး ပြေးရတာပဲ” လို့ မိုးကုတ်မြို့ခံတယောက်က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို နလအ တပ်ဖွဲ့ဝင်တွေက ၂၀၂၅ ဇူလိုင်မှာ ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
မန္တလေးတိုင်း သပိတ်ကျင်းမြို့ကိုလည်း ဇူလိုင် ၂၃ ရက်နေ့မှာ ပြန်လည် သိမ်းပိုက်ခဲ့ ပါတယ်။
TNLA တပ်ဖွဲ့က တစ်နှစ်နီးပါး ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို ပြန်လည် သိမ်းပိုက်ဖို့အတွက် နအလ တပ်ဖွဲ့ဝင်တွေက နောင်ချိုနဲ့ သပိတ်ကျင်း မြို့နယ်တွေကနေ စစ်ကြောင်းတွေ ထပ်ထိုးနေကြောင်း ဒေသခံတွေအပြောအရ သိရပါတယ်။
