နောင်ပိန်မှာ လေကြောင်း ဗုံးကြဲလို့ နေအိမ်‌တွေ မီးလောင်

ဩဂုတ် ၂၃၊ ၂၀၂‌၅
Shy V(VOM)
ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာမှာ ဒီနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နေ့ခင်း ၁၁ နာရီ ဝန်းကျင်ခန့်က လေကြောင်း ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခံရလို့ နေအိမ်‌တွေ တချို့ မီးလောင်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့ ၁၁ နာရီလောက်က နောင်ပိန် ၄ ရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ချသွားတယ်။ အိမ် ဆယ်လုံးလောက် ပျက်စီးပြီး မီးလောင်နေတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဘယ်သူမှ ဝင်လိုမရတာကြောင့် လူထိခိုက်မှုကတော့ မသိရသေး သလို မနေ့ညရော ဒီနေ့ရော ‌မီးလောင်၊ ထိခိုက်ပျက်စီး တာတွေ ဆယ်အိမ်ထက် မနည်း ရှိနိုင်တယ် လို့သူက ပြောပါတယ်။
နှစ်ဖက် တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်က စစ်ဘေးရှောင်တွေက တကယ်တော့ တသောင်း ကျော်တယ်လို့ သူက ထပ်ရှင်းပြပါတယ်။
“လူနာတွေအတွက်တော့ ငွေရေး‌၊ ကြေးရေး ဆေးကုသ စရိတ် လိုတာ ပေါ့နော်။ စစ်ဘေးရှောင်တွေ အတွက်တော့ စားဝတ်နေရေး အဓိက ပေါ့။” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်က ကျောက်မဲမြို့နယ် ပင်တီးရွာက ဘုန်ကြီးကျောင်း တည့်တည့်ကို လေကြောင်းနဲ့ ပေါင် ၅၀၀ ကြဲချခံရတာကြောင့် ပြင်းထန် ဒဏ်ရာရခဲ့တဲ့ လူနာ အယောက် ၂၀ လားရှိုးဆေးရုံမှာ ဆေးကုသမှုခံယူနေကြပြီး အသက်ရှင်သန်ဖို့ ရာခိုင်နှုန်း နည်းနေသူတွေပါနေတယ်လို့ သူက ပြောပြပါတယ်။
ရှောင်တိမ်းဖို့ အခက်အခဲကြောင့် လေကြောင်း ဗုံးကြဲမှုနဲ့ ကြုံခဲ့ကြရတာဖြစ်ပြီး ဖြစ်စဉ် ဖြစ်ဖြစ်ချင် နည်းနည်းပါးပါး ဒဏ်ရာရသူတွေ ပါရင် ထိခိုက် ဒဏ်ရာသူ အယောက် ၄၀ ကျော်ထဲက ပြင်းထန် ဒဏ်ရာ အယောက် ၂၀ ရှိပြီး သေဆုံးသူ ၁၀ ယောက်ကျော်တယ်လို့ သိရပေမယ့် လက်ရှိထိ စာရင်း အတိအကျ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
သျှမ်းကျောင်းသားသမဂ္ဂ ကဝောာ့ သြဂုတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က နလအ တပ်ဖွဲ့က ပင်တီးရွာကို လေကြောင်း ကနေပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့လို့ စစ်ရှောင်ပြည်သူတွေ တိမ်းရှောင်နေတဲ့ ဘုန်းကြီး ကျောင်းပေါ် ကျရောက်ခဲ့ပြီး ကလေးငယ် တွေ အပါအဝင် ကနဦး အရပ်သား ၁၀ ဦးသေဆုံးခဲ့ရပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။
အရပ်သားပြည်သူတွေ တိမ်းရှောင်နေထိုင်တဲ့ စစ်ရှောင်စခန်း ဗုံးကြဲချတိုက်ခိုက်မှုကို သျှမ်း‌ ကျောင်းသားသမဂ္ဂ အနေနဲ့ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။
လက်ရှိ နောင်ပိန်တိုက်နယ်အတွင်း လှုပ်ရှားသွားလာနေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အရပ်သား ပြည်သူလူထုကို ငဲ့ညှာသောအားဖြင့် ပြည်သူတွေအကြား ဝင်ရောက်နေထိုင်ခြင်းမပြုကြဖို့၊ စစ်ဘေးရှောင် နေကြရတဲ့ အရပ်သားပြည်သူတွေကို တတ်စွမ်းသမျှ ကူညီပေးကြဖို့၊ တိုက်ပွဲများပိုမိုပြင်းထန်လာလို့ ဒေသခံပြည်သူ ထောင်ချီ အနီးအနား ဘေးလွတ်ရာ ဒေသဘက် ထွက်ပြေးတိမ်းရှောင် နေကြတာမှာ အကူ အညီ များစွာလိုအပ်နေတာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။
Photo Crd# L Ph

Related posts

Leave a Comment

VOM News

FREE
VIEW