ဩဂုတ် ၂၃ – ၂၀၂၅
SS (VOM)
လက်ရှိ ဖြစ်ပေါ်နေတဲ့ မိုးလေဝသဖြစ်စဉ်တွေကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ သဘာဝဘေး အန္တရာယ်တွေ ဆက်လက် သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
မိုး/ဇလရဲ့ ဒီကနေ့ ဩဂုတ် ၂၃ ရက်၊ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ တောင်တရုတ် ပင်လယ်ပြင်မှာလည်း အပူပိုင်းမုန်တိုင်း “ကဂျိကိ” (Kajiki) ဖြစ်ပေါ်နေပြီး အဆိုပါ အပူပိုင်းမုန်တိုင်းဟာ အနောက်ဘက်ကို ရွေ့လျားနိုင်ကာ ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်း ဒေသတွေဆီ ဖြတ်ကျော်နိုင်ပြီး မုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေဟာ မြန်မာနိုင်ငံကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။
“အပူပိုင်းမုန်တိုင်းရဲ့ ရွေ့လျားမှုကတော့ အနောက်ယွန်းယွန်းပေါ့။ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းလောက်ကို ဖြတ်ပြီးတော့ ထိုင်း၊ လာအို ပြီးတော့ သူ့ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေကတော့ လာမယ့်ရက်တွေမှာ မြန်မာနိုင်ငံကို ဆက်ပြီး ဖြတ်မှာပေါ့။ နောက်ပြီး ဘင်္ဂလား ပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်းကလည်း ဖြစ်ဖို့အလားအလာ ရှိနေတယ်။ ဩဂုတ် ၂၅ ၊ ၂၆ လောက်မှာပေါ့။ နောက်တခု မုတ်သုံ အားကောင်းမှုကလည်း ရှိတော့ ဒီလို အကြောင်းပေါင်း စုံပြီးတော့ မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှုတွေ များလာနိုင်တယ်” လို့ ဦးလှထွန်းက ပြောပါတယ်။
လက်ရှိ တိုင်းထွာချက်တွေအရ လာမယ့် ဩဂုတ် ၂၅ ရက်နေ့မှာလည်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန် – အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ) တို့မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်သလို ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာလည်း မုတ်သုံလေ အားကောင်းလာနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဩဂုတ် ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း မကွေးတိုင်း၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
“မိုးရွာသွန်းမှုကတော့ တောင်တရုတ်ပင်လယ်ပြင်က လာတဲ့ မုန်တိုင်းက အရှေ့ဘက်ကနေ စပြီး ရောက်လာမှာဆိုတော့ ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အရှေ့ပိုင်း၊ တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်၊ မြန်မာနိုင်ငံအနောက် ရခိုင်ကမ်းရိုးတန်း၊ ရခိုင်ပြည်နယ်တို့မှာ မိုးများဖို့ရှိတယ်။ မိုးသက်လေပြင်းပေါ့၊ မိုးရောလေရော ကျရောက်တာတွေလည်း ရှိနိုင်တယ်။ မိုးများတာရဲ့ နောက်ဆက်တွဲကတော့ ရေကြီးရေလျှံတာ။ ဒါတွေကို သတိပြုရမှာ ဖြစ်ပါတယ်” လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက် ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် အဆိုပါဒေသတွေရှိ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားကြစေလိုပြီး ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်း ပျံသန်းရေးနဲ့ ဆည်မြောင်း တာတမံတွေအနေနဲ့လည်း လိုအပ်တာတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒါအပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာလည်း တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင် တို့မှာ လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
“မိုးလေဝသ ဖြစ်စဉ်တွေက ဒါတွေတင်တော့ မဟုတ်ဘူးပေါ့လေ။ လာမယ့် စက်တင်ဘာကုန်ရင်တော့ မိုးနှောင်းပေါ့။ မိုးနှောင်းရာသီ ရောက်ရင်လည်း အရှေ့ဘက်ကဖြစ်တဲ့ မုန်တိုင်းတွေရဲ့ အကြွင်းအကျန်တွေ၊ လေပွေလှိုင်းတွေကလည်း မြန်မာနိုင်ငံဘက်ကို ရောက်ရောက်လာတတ်တော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းကလည်း သတိပြုစရာဖြစ်သလို နောင်လာမယ့် ရက်တွေမှာလည်း ဖြစ်လာနိုင်တဲ့ မုန်တိုင်းတွေကိုလည်း စောင့်ကြည့်ဖို့တော့ လိုတာပေါ့” လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေနဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ မိုးပိုလာနိုင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မိုး/ဇလ
