မုံရွာ – မန္တလေးလမ်းပိုင်း စိုးရိမ်စိတ်နဲ့ အရဲစွန့်သွားလာနေရ

ဩဂုတ် ၂၃ ၊ ၂၀၂၅
GG (VOM)
မုံရွာ -ချောင်းဦး – မန္တလေးကားလမ်းမှာ တိုက်ပွဲတွေမကြာခဏဖြစ်ပွားလေ့ရှိတဲ့အပြင် ပစ်ခတ်မှုကြောင့် ခရီးသည်တင်ကားအချို့ ပစ်ခတ်ခံရပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိလာတဲ့အတွက် ခရီးသွားပြည်သူတွေမှာ အရဲစွန့်ပြီး စိုးရိမ်စိတ်တွေနဲ့သွားလာနေ​ကြရတယ်လို့သိရပါတယ်။
ဩဂုတ် ၂၂ ရက်နေ့ မနက်ပိုင်းတုန်းက မုံရွာ – ချောင်းဦးလမ်းအကြား ရေပိုးစားလမ်းခွမှာ ခရီးသည်တင်ကား သုံးစီးပစ်ခတ်ခံရပြီး ပစ်ခတ်ခံခဲ့ရတဲ့အထဲက ရွှေမြန်ကားမှ ယာဥ်မောင်းအမျိုးသားသေဆုံးကာ ၊ ယာဥ်နောက်လိုက်မှာ ဒဏ်ရာပြင်းထန်ရရှိပြီး ချောင်းဦးဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့သိရပါတယ်။
” ရေပိုးစားလမ်းမှာ ပစ်ခတ်ခံရတာ။express ကားလည်းပါတယ်။ကားသုံးစီးထိတာပါ။အဲဒီမှာ နှစ်စီးကသိပ်မထိဘူး။ကျန်တဲ့ရွှေမြန်ကားက ယာဥ်မောင်းကနေရာမှာပဲသေတယ်။ ယာဥ်နောက်လိုက်က ဒဏ်ရာရတယ်။အခြေအနေမကောင်းဘူးလို့တော့သိရတယ်။ အဲဒီနေရာမှာမကြာခဏပစ်ခတ်မှုဖြစ်တယ်။လမ်းကပိတ်လိုက် ဖွင့်လိုက်သွားနေရတာ။ကျွန်တော်တို့မှာ အရဲစွန့်သွားနေရတာ။လမ်းပိုင်းကဘာလုံခြုံရေးမှမရှိတော့ဘူး။စားဝတ်နေရေးကရှိတော့ ဒီလိုပဲ သွားနေရတာပဲ။တိုက်ပွဲဖြစ်တယ်ဆို လမ်းမှာရပ်စောင့်၊ပြီးရင်ဆက်သွား အဲဒီလိုပဲလုပ်နေရတာ။” လို့ ကားသမားတ​ယောက်ကပြောပါတယ်။
သေနတ်တဲ့ပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့ အမျိုးသားက ဆားလင်းကြီးမြို့နယ်၊ နှင်းတောရွာမှဖြစ်ကြောင်း ကနဦးသိရပါတယ်။
အဆိုပါ ခရီးသည်တင်ကား ပစ်ခတ်ခံရမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး PDF တွေလုပ်ဆောင်တာဖြစ်ကြောင်း နလအ ဘက်မှ သတင်းထုတ်ပြန်ထားပါတယ်။
” ဘယ်အဖွဲ့ကပစ်လဲတော့ မသိပါဘူး။ပစ်တယ်ခတ်တယ်ဆိုရင်ပုန်းရတာပဲ။ကားဆိုလည်းရောက်တဲ့နေရာထိုးရပ်ပုန်းရတာပဲ။ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ခရီးသွားကားဆိုရင်တော့ မပစ်သင့်ပါဘူး။ကြားထဲက ပြည်သူတွေပဲ ထိရတာ။” လို့ သူကထပ်မံပြောပါတယ်။
မနေ့ကညနေပိုင်းမှာလည်း အဆိုပါ.မုံရွာ – ချောင်းဦးလမ်းရှိ ရေပိုစားလမ်းခွမှာ ပစ်ခတ်မှုထပ်မံဖြစ်ပွားပြီး ခရီးသည်တင်ကားနှစ်စီး ထိခိုက်မှုရှိခဲ့သေးတယ်လို့သိရပါတယ်။
ဓာတ်ပုံ -CJ

Related posts

Leave a Comment

VOM News

FREE
VIEW