ဩဂုတ် ၂၄၊ ၂၀၂၅
Shy V (VOM)
CCDAC Myanmar ရဲ့ မူးယစ်ဆေးဝါး ဖမ်းမိတဲ့ သတင်း ထုတ်ပြန်ချက်မှာပါတဲ့ စိုင်းစု ဆိုတဲ့ အရေးအသားအပေါ် SSPP/SSA မှ ပယ်ချကြောင်းထုတ်ပြန်ထားပါတယ်။
ရွှေပြည်သာနဲ့ ကွမ်းခြံကုန်းမြို့နယ်တို့မှာ ရခိုင်ပြည်နယ်နဲ့ မလေးရှားရေပိုင်နက်ကို ပို့ဆောင်မည့် ငွေကျပ် ၂၅၇ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးအများအပြားနဲ့ အတူ တရားခံ ၁၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ကသတင်း ထုတ်ပြန်ထားသလို MOI ကလည်း ဩဂုတ်လ ၂၂ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်မှာ ကျေးသီးမြို့နယ်က စိုင်းစုဆိုသူကို အဓိကစီမံခန့်ခွဲသူအဖြစ် ဖော်ပြထားပြီး SSPP/SSA အဖွဲ့ဝင်ဖြစ်တယ်လို့ သိရကြောင်း ဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ဩဂုတ် ၅ ရက်ကနေ ၁၅ ရက်အတွင်း မြို့နယ်ငါးခုမှာ စီမံခန့်ခွဲမှုခံယာဉ်တွေ၊ စက်လှေတွေနဲ့အတူ မူးယစ်ဆေးဝါးအမြောက်အမြားနဲ့ လူ ၁၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းမိတဲ့ဆေးဝါးတွေရဲ့ စုစုပေါင်းတန်ဖိုးက ကျပ်ငွေ ဘီလီယံ ၂၅၀ ကျော်အထိ ရှိတယ်လို့လည်း ဆိုပါတယ်။
SSPP/SSA ဘက်က ဩဂုတ်လ ၂၃ ရက်နေ့ မှာ CCDAC Myanmar ထုတ်ပြန်ချက်အပေါ် ပယ်ချကြောင်း ပြန်လည် ထုတ်ပြန်ထားပါတယ်။
SSPP/SSA ကတော့ ရဲတပ်ဖွဲ့ရဲ့စွပ်စွဲချက်ကို အခုလို ပြန်လည်ငြင်းဆိုခဲ့ပါတယ်။ “ဗိုလ်မှူးစိုင်းစု”ဆိုတဲ့ပုဂ္ဂိုလ် သူတို့အဖွဲ့မှာ မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး၊ သူတို့အဖွဲ့မှာရှိတာက “ဗိုလ်မှူးကြီးစိုင်းဆု”ဆိုသူသာ ဖြစ်ပြီး မူးယစ်ဆေးဝါးတွေနဲ့ လုံးဝမပတ်သက်ဘူးလို့ ဆိုပါတယ်။ ဒီစွပ်စွဲချက်တွေဟာ သူတို့အဖွဲ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်စေဖို့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လိုရာဆွဲထုတ်ပြန်တာလို့လည်း ဆိုပါတယ်။
SSPP/SSA မှာ အတွင်းရေးမှူးတာဝန်ထမ်း နေတဲ့ ဗိုလ်မှူးကြီးစိုင်းဆုက မူးယစ်ေဆးဝါး နဲ့ ပါဝင် ပတ်သက် ရောင်းဝယ်ဖောက်ကားနေခြင်းမျိုး လုံးဝ(လုံးဝ) မရှိကြောင်း ဖော်ပြထားပါတယ်။
SSPP/SSA ထိန်းချုက်နယ်မြေမှာ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး ပပျောက်ရေး အတွက် ရောင်းဝယ်ဖောက်ကားခြင်း၊ ထုတ်လုပ်ခြင်း လုံးဝ(လုံးဝ) ပိတ်ပင် ထားကြောင်း၊ မူးယစ်ဆေးဝါးကင်းစင်ရန် ကာကွယ်ရေးလုပ်ငန်းစဉ်များပညာပေးခြင်း၊ဖမ်း ဆီးခြင်း၊ ဖျက်စီးခြင်းလုပ်ငန်းများနေ့စဉ်နှစ်တိုင်းကာကွယ်တားဆီးလုပ်ငန်းများစဉ်ဆက်မ ပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြထားပါတယ်။
