ဩဂုတ်လ ၂၅၊ ၂၀၂၅
Shy V (VOM)
ကျောက်မဲမြို့ ပိန္နဲကုန်းမှာ ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ကျော်ခန့်က လေကြောင်း နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရပြီး နှစ်လ အတွင်း မြို့ပေါ်ကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ရှစ် ကြိမ်ခန့်ထိရှိလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ပိန္နဲကုန်း ဝါဆိုကျောင်းနား ချသွားတယ်။ လူထိ မထိတော့ မသိဘူး။ အဲဒီ ဘက်လမ်း ပိတ်ထားတယ်။ အသိအိမ်တော့ ထိသွားတယ်။ ဘယ်နှစ်အိမ် ထိလဲလည်း အတိအကျ မသိရဘူး။ ထိတဲ့ အိမ်တွေတော့ များမယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ဒီနေ့ ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ကျော်ခန့်က ဗုံးကြဲသွားတာလို့ သူက ပြောပါတယ်။
“ကျောက်မဲမြို့ပေါ် အခု တကြိမ်နဲ့ဆို ၈ ကြိမ်ရှိသွားပြီ။ မြို့ပြင်ဘက်မပါဘူး။ မြို့ပြင်ဘက်ပါရင် ၁၃ ကြိမ်လောက် ရှိပြီထင်တယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဇွန်လ ၂၄ ရက်နေ့ကစ ဇွန်လ မှာ သုံးကြိမ်၊ ဇူလိုင်လမှာ လေးကြိမ်၊ ဩဂုတ်လမှာ တကြိမ် ရှိပြီဖြစ်ပြီး နလအ တပ်ဖွဲ့ဘက်က လေကြောင်းနဲ့ ဗုံး ဆက်ကြဲ လာနိုင်တဲ့ အခြေအနေ တွေ့ရတယ်လို့ သူက ပြောပါတယ်။
ယမန်နေ့ ညနေပိုင်းကလည်း ကျောက်မဲ လုံကြိမ်ရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ စစ်မရှောင်နိုင်တဲ့ရွာခံ နှစ်ဦး သေဆုံးခဲ့ပြီး လက်ရှိ အဲဒီရွာမှာ ဒေသခံ အယောက် ၅၀ ခန့် ထွက်လာလို့မရပဲ ပိတ်မိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့နယ် လွယ်ကုန် နဲ့ နောင်မိန်းရွာက သံဃာတော်တွေ အပါအဝင် စစ်ရှောင် ဒေသခံ ၇၀၀ ကျော်အတွက် စားနပ် ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း ကူညီနေသူတွေဆီက သိရပါတယ်။
Video Crd# ဒေသခံ
