ဩဂုတ်၂၅၊ ၂၀၂၅
NN(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ နယ်အတွင်းက ပိန္နဲကုန်းရပ်ကွက်ကို ဒီနေ့ မနက်ပိုင်း ၁၁ နာရီအချိန်မှာ လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့ ကိုရင်သုံးပါး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပိန္နဲကုန်းရပ်ကွက်ထဲမှာ ဝါဆိုကျောင်းဆိုတာရှိတယ်။ အဲဒီနားမှာကျတာ။ ကိုရင်တွေ ဒဏ်ရာရသွားတယ်။ သုံးပါးပေါ့ ထိတာ” လို့ ကျောက်မဲဒေသခံတယောက် ကပြောပါ တယ်။
လေကြောင်းကနေ ဗုံးကြဲခံရလို့ နေအိမ်တချို့လည်း ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့က ကျောက်မဲမြို့နယ် ကွန်စလန်းရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ လို့ ကလေးငယ်တစ်ဦး သေဆုံးပြီး ကိုရင်နှစ်ပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဩဂုတ် ၂၄ ရက်နေ့မှာတော့ ကျောက်မဲမြို့နယ် လုံကြိမ်ရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာတော့ နလအ တပ်နဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နောင်ပိန်ရွာထဲမှာ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲဗျ။ အသံတွေကတော့ အစုံပဲ ကြား နေရတယ်။ စစ်တပ်ကတော့ နောင်ပိန်ရွာထဲ ရောက်ပြီလို့ သတင်းကြားရပါတယ်” လို့ နောင်ပိန်ရွာခံ တယောက် ကပြောပါတယ်။
ဩဂုတ် ၂၄ ရက်နေ့ မနေ့ မနက်ပိုင်းမှာတော့ နောင်ချို-ကျောက်မဲ ကို ဆက်သွယ်ထားတဲ့ ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။
နလအ တပ်ဖွဲ့ကတော့ ဒီလုပ်ရပ်ဟာ TNLA ရဲ့ လက်ချက်ဖြစ်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
