ပြည်တွင်းအခွန်များ ဦးစီးဌာန အမည်နဲ့ တံဆိပ် အသုံးပြုပြီး အွန်လိုင်း ငွေကြေးလိမ်လည်မှုတွေ မြင့်တက်နေ

ဩဂုတ် ၂၅ – ၂၀၂၅
SS (VOM)
ပြည်တွင်းအခွန်များ ဦးစီးဌာန အမည်နဲ့ တံဆိပ် (Logo) ကို အသုံးပြုပြီး အွန်လိုင်းမှတဆင့် ငွေကြေး လိမ်လည်မှုတွေ ရှိနေတယ်လို့ ကိုယ်တွေ့ ကြုံခဲ့ရသူတွေက ပြောပါတယ်။
အဆိုပါ လိမ်လည်မှုဟာ အခွန်ရုံး ဝန်ထမ်းပုံစံနဲ့ Viber ကတဆင့် ဆက်သွယ်၊ စာပေးပို့ လိမ်လည်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ ကိုယ်တွေ့ ကြုံခဲ့ရသူ တယောက်က “ကျွန်တော့်ဆီ ပြည်တွင်းအခွန် ဦးစီးဌာန လိုဂိုနဲ့ Viber က စာပို့လာတယ်။ နေပြည်တော်က ဆိုလားပဲ။ ကျွန်တော့်ကုမ္ပဏီ အချက်အလက်တွေနဲ့ မှန်/ မမှန် စစ်ဆေးဖို့ ဖုန်းလည်း ဆက်လာသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ ကျွန်တော်လည်း အခွန်ရှင်းတမ်းတွေ လုပ်ဖို့ ပြင်ဆင်နေတာဆိုတော့ မေးသမျှ ဖြေလိုက်ပါတယ်။ ယုံမိတာကလည်း သူပို့ထားတဲ့ ကျွန်တော့်ကုမ္ပဏီ အချက်အလက်တွေက အားလုံးအမှန်ပဲ” လို့ ပြောပါတယ်။
ဒါကြောင့် အဆိုပါ အချက်အလက်တွေကို ပြန်လည်စစ်ဆေး အတည်ပြုဖို့ အခွန်ရုံး ဝန်ထမ်း ဆိုသူက link တခု ပေးပို့လာပြီး အဆိုပါ link ထဲဝင်ကာ မှန်ကန်ကြောင်း အတည်ပြုပေးဖို့ ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။
“link ထဲဝင်ရင် အချက်အလက်တွေ အကုန်ပါသွားနိုင်တယ်ဆိုတာကို ကျွန်တော်လည်း အမှုမဲ့အမှတ်မဲ့ ဖြစ်သွားတယ်။ ကျွန်တော့် I phone နဲ့ ဝင်မရပါလို့ ပြောလိုက်တော့ Android နဲ့ပဲ ဝင်လို့ရတယ်ပြောလို့ အလုပ်ထဲက ဝန်ထမ်းဖုန်းနဲ့ ဝင်လိုက်မိတယ်။ အလွယ်တကူ ဝင်မရတော့ အဆင့်ဆင့် ဘာပြီးရင် ဘာဝင်၊ ဘာထွက် လိုက်လုပ်ရတယ်” လို့ သူက ပြောပါတယ်။
အဲဒီလို download လုပ်နေရင်း တဝက်လောက် ရောက်တဲ့အခါ မှတ်ပုံတင်ကြေး ၁၀၀၀ ကျပ်ကို Kpay နဲ့ လွှဲပေးဖို့ ပြောလာတယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်က Kpay , Wave Pay ဘာမှမသုံး၊ မရှိတော့ စောစောက download လုပ်ပေးနေတဲ့ ဝန်ထမ်းလေးရဲ့ဖုန်းနဲ့ သူ့ရဲ့ Kpay နဲ့ပဲ ၁၀၀၀ ကျပ် လွှဲလိုက်ပါတယ်။ ပြောတဲ့ download က မပြီးသေးဘူး။ ထမင်းစားချိန်ရောက်လို့ ပြီးမှ ပြန်ဆက်မယ်ပြောလို့ ထားလိုက်တယ်။ အဲဒီကတည်းက ပေါ်မလာတော့ဘူး။ အစကတော့ သူမအားလို့ ပြန်မဆက်သွယ်သေးတာပဲလို့ ထင်နေခဲ့တာ” လို့ သူက ပြောပါတယ်။
နောက်တနေ့ မနက် အရောက်မှာတော့ link ကို download လုပ်ပေးခဲ့တဲ့ ကုမ္ပဏီဝန်ထမ်းက သူ့ရဲ့ Kpay ထဲက ပိုက်ဆံ လေးသိန်းကျော် မရှိတော့ဘူးလို့ ပြောလာတဲ့အခါမှသာ အခြေအနေမှန်ကို သိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“လိမ်တဲ့သူတွေက ဌာနဆိုင်ရာ နာမည်တွေပါ သုံးလာကြပြီ။ ဒါကြောင့် တခြားသူတွေကို ကျွန်တော်တို့လို မဖြစ်စေချင်ဘူး။ သတိရှိစေချင်တယ်” လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ကိုယ်တွေ့ကြုံခဲ့ရသူ နောက်ထပ် တယောက်ကလည်း လွန်ခဲ့တဲ့ တပတ်က သူ့ရဲ့ကုမ္ပဏီကနေ သိန်း ၄၀ ကျော်လောက် ပါသွားတာမျိုး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် Kpay center ကို အကျိုးအကြောင်း သွားရောက်ပြောပြကာ တဖက်က အကောင့်ကို ပိတ်ခိုင်းခဲ့ပေမယ့် မပိတ်ပေးတဲ့အပြင် သူ့လိုပဲ အလိမ်ခံရတဲ့ ကုမ္ပဏီတွေ အများကြီးရှိတယ်လို့သာ ပြန်လည် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်‌တွေနဲ့ ပတ်သက်လို့ နည်းပညာ ကျွမ်းကျင်သူတယောက်က “အဓိကအချက်က သူတို့ပြောသလို အဆင့်ဆင့်လုပ်ပြီး Share ဆိုတဲ့ ခလုပ်ကို နှိပ််ခိုင်းလိမ့်မယ်။ Share ဆိုတဲ့ ခလုပ် နှိပ်လိုက်တာနဲ့ ကိုယ်အသုံးပြုနေတဲ့ Screen ကို သူ့ဘက်ကပါ အတူတူမြင်နေရပြီ။ အဲဒီမှာ ၁၀၀၀ လွှဲခိုင်းပြီ။ ၁၀၀၀ လွှဲလိုက်တာနဲ့ password ကို သူတို့မြင်သွားပြီ။ အဲဒီမှာ ပါသွားတာ” လို့ ပြောပါတယ်။
ဒါအပြင် နောက်ထပ် ပြည်သူတယောက်ကလည်း Viber ကနေ သူ့ဆီ ဘာမှ ပို့မလာပေမယ့် နေပြည်တော် အခွန်ရုံး (၄၆) က ဆိုပြီး ဖုန်းဆက်တာမျိုးတော့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျွန်မက ရုံးဖုန်းနံပါတ်ပေး၊ ပြန်ခေါ်လိုက်မယ် ပြောတော့ ပို့ပေးလိုက်မယ်ဆိုပြီး မဆက်သွယ်တော့ဘူး။ သူ့ဆက်တဲ့ဖုန်းကို ပြန်ခေါ်ကြည့်တော့လည်း ဖုန်းက ဆက်တိုက် မအားတော့ဘူး” လို့ ပြောပါတယ်။
အခုလို ဖြစ်စဉ်တွေမှာ အလိမ်ခံလိုက်ရသူရဲ့ အကောင့်ထဲက ငွေကြေးတွေ တခြားသော အကောင့်တခုထဲ ရောက်ရှိသွားတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာဘဏ်က မလွှဲမသွေ သိရှိရမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ပါသွားတယ်ဆိုတော့ ဘယ်အကောင့်ဆီ ရောက်သွားလဲ။ အဲဒါကို ဘဏ်က သိကိုသိတယ်။ တိုးတက်တဲ့၊ တရားဥပဒေစိုးမိုးတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတွေ၊ ဘဏ်တွေက ကွင်းဆက်တွေပါမကျန် အကုန် သူတို့ တဆုံးပြန်လိုက်ပေးတယ်။ ပြီးရင် ဖမ်းတယ်။ အခုက အကောင့်ထဲက ပိုက်ဆံတွေ ပါသွားရင် သက်ဆိုင်ရာ ဘဏ်တွေ၊ တာဝန်ရှိသူတွေဘက်က ဘာမှ ရေရေရာရာ မပြောနိုင်ကြဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှု ဘာမှ မရှိကြဘူး” လို့ နောက်ထပ် ပြည်သူတယောက်က ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက တာဝန်ရှိသူတယောက်ကို VOM က ဆက်သွယ် မေးမြန်းရာမှာတော့ “ဒီဖြစ်စဥ်တွေကို သူတို့ သက်ဆိုင်ရာ ရုံးတွေကနေပြီးတော့ အခွန်ထမ်းတွေကို စာတွေနဲ့ အကြောင်းကြားထားတာ ရှိတယ်။ လိုအပ်တဲ့ အချက်အလက်တွေ တောင်းရင် မပေးဖို့လို့ ဆိုပြီးတော့ အကြောင်းကြားထားတာပါ” လို့ သူက ‌ပြောပါတယ်။
ဒါအပြင် ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ နာမည်နဲ့ Logo အသုံးပြု လိမ်လည်မှုအပေါ် အရေးယူမှုအပိုင်းနဲ့ ပတ်သက်ပြီး ဆက်လက် မေးမြန်းရာမှာတော့ ဒီမေးခွန်းနဲ့ ပတ်သက်လို့ နေပြည်တော်၊ ပြန်ကြားရေးကသာ ဖြေလို့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြန်ကြားရေးအဖွဲ့ (နေပြည်တော်) ကို VOM က ဖုန်းနဲ့ ထပ်မံ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းအဝင်သာရှိပြီး ဆက်သွယ်လို့ မရခဲ့ပါဘူး။
လက်ရှိ လိမ်လည်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားတာမှာ ပြည်သူတွေအနေနဲ့ အခုလို ဖြစ်စဉ်တွေကို အထူး သတိပြုကြစေလိုပြီး မိမိရဲ့ ကိုယ်ရေး အချက်အလက်တွေကို ဆက်သွယ် တောင်းခံခြင်းမျိုး ကြုံတွေ့ရပါက လုံးဝ ပေးဆောင်ခြင်း မပြုလုပ်ကြဖို့ အသိပေးထားပါတယ်။
ဒါအပြင် ထူးခြားဖြစ်စဉ်တွေ ကြုံတွေ့ရပါကလည်း ဌာနရဲ့ ပြန်ကြားရေးအဖွဲ့ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၅၃၃ ၊ ၀၆၇-၃၄၃၀၀၁၄ နဲ့ တောင်ကြီးမြို့နယ်၊ အခွန်ဦးစီးဌာနမှူးရုံး၊ ဖုန်းနံပါတ် ၀၈၁-၂၁၂၁၁၉၅ ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်တယ်လို့ အဆိုပါ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
Photo – IRD

Related posts

Leave a Comment

VOM News

FREE
VIEW