ရနောင်း – ကော့သောင်းရေကြောင်းမှ သွင်းကုန်တွေကို ဦးစားပေးလိုင်စင်ချပေးနေ၊ ထိုင်းဘက်ပိတ်မိကုန်စည်တွေပါ ရေကြောင်းမှသယ်ခွင့်ပြု

ဩဂုတ် ၂၈ ၊ ၂၀၂၅
GG (VOM)
ထိုင်း – မြန်မာ မြဝတီနယ်စပ်ကနေ နယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားပြီးနောက်မှာ ရနောင်း – ကော့သောင်း ရေကြောင်းကုန်သွယ်ရေးကနေ သွင်းကုန် ပို့ကုန်တွေကို ကုန်သွယ်ခွင့်ပြုပေးနေတယ် လို့ ကုန်သယ်တွေဆီကသိရပါတယ်။
မြဝတီနယ်စပ်ကနေ ကုန်ပစ္စည်း တင်သွင်းခြင်းနဲ့ ပို့ကုန်လိုင်စင် ရရှိထားသူတွေကိုလည်း ရနောင်း – ကော့သောင်းအပါအဝင် ကျန်တဲ့ နယ်စပ်ဂိတ်ပေါက်တွေကနေ ကုန်သွယ်ခွင့်ပြုပေးထားတယ်လို့သိရပါတယ်။
ဒါကြောင့် ထိုင်းဘက်ခြမ်းမှာ ပိတ်မိနေတဲ့ကုန်ကားတွေအနက် တရားဝင်လိုင်စင်ရရှိပြီး တင်သွင်းနေပါက အခြားနယ်စပ်ဂိတ်ပေါက်တွေကနေ ဂိတ်ပြောင်းသယ်ဆောင်ခွင့်ပြုဖို့လျှောက်ထားနိုင်တယ်လို့သိရပါတယ်။
” လိုင်စင်မရှိဘဲတရားမဝင်တွေ အများစုပိတ်မိနေတာပါ။တကယ်လို့လိုင်စင်နဲ့တရားဝင်တင်သွင်းတာ ပို့ကုန်တင်ပို့တာဆိုရင် ကျန်တဲ့ဂိတ်တွေကနေ ဂိတ်ပြောင်းသယ်လို့ရပါတယ်။ရေကြောင်းလည်းရပါတယ်။လိုင်စင်ထပ်လျှောက်စရာမလိုပါဘူး။မြဝတီနယ်စပ်ဂိတ်ပိတ်တော့ ပို့ကုန်တွေကိုအခုတာချီလိတ်ဘက်ကနေပြောင်းပို့နေရတာပေါ့။” လို့ ပို့ကုန်လုပ်ငန်းရှင်တယောက်ကပြောပါတယ်။
လက်ရှိမှာ ရနောင်း – ကော့သောင်း ရေကြောင်းကနေကုန်သွယ်မှုပြုလုပ်မယ်ဆိုပါက ပြည်ပကနေ ကုန်ပစ္စည်း တင်သွင်းလိုပါက ပြည်ပပို့ကုန်ရငွေရှိကြောင်းအထောက်အထားပြသနိုင်သူတွေကို သွင်းကုန်လိုင်စင်ချပေးနေတယ်လို့သိရပါတယ်။
” လိုင်စင်လျှောက်ရင် export earning ပြရမယ်လေ။အဲဒါပါရင် သူတို့လိုင်စင်မြန်မြန်ချပေးနေပါတယ်။earning မပါရင်တော့မရဘူး။ ” လို့ သွင်းကုန်လုပ်ငန်းရှင်ကပြောပါတယ်။
လက်ရှိမှာ ပို့ကုန်လုပ်ငန်းရှင်တွေကို ပို့ကုန်ရငွေအပေါ် အခြားကုမ္ပဏီတွေဆီကို ပြန်လည်လွှဲပြောင်းခြင်းကို ပြန်လည်ခွင့် ပြုထားတာကြောင့် နိုင်ငံခြားငွေဝယ်ယူရေးအပိုင်းလည်း အတော်အသင့်အဆင်ပြေမှုရှိတယ် လို့သိရပါတယ်။
ဒါကြောင့် အာဏာပိုင်တွေမှ တင်သွင်းခွင့်ပြုတဲ့ပစ္စည်းတွေကို ကွန်တိန်နာ ၊ စက်လှေ၊ အခွန် အပြည့်အဝဆောင်ထားပြီး စာရွက်စာတမ်းအပြည့်အစုံနဲ့ ကုန်သွယ်ခွင့်ရရှိနေတဲ့အတွက် ထိုင်းကနေတင်သွင်းတဲ့ ကုန်ပစ္စည်းတွေ မကြာခင်မှာ ပုံမှန်အတိုင်းဝင်ရောက်လာပြီး ပစ္စည်းပြတ်လပ်မှု မရှိနိုင်ကြောင်းလုပ်ငန်းရှင်တွေကဆိုပါတယ်။
ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်သူရကတော့ ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင်တွေ အနေနဲ့ သင်္ဘောပေါ်မှာပါရှိတကုန်ပစ္စည်းကို မှန်မှန်ကန်ကန်တင်ပြဖို့ လိုကြောင်း ၊ နိုင်ငံတော်မှကန့်သတ်ထားတဲ့ ကုန်ပစ္စည်းများမှအပ ကျန်ကုန် ပစ္စည်းတွေ ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကာ ခွင့်ပြုပေးမှာ ဖြစ်တယ်လို့ ဩဂုတ် ၂၁ ရက်နေ့က ကော့သောင်းမှာပြုလုပ်ခဲ့တဲ့ ကုန်သွယ်ရေးကိစ္စအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။
” နိုင်ငံတော်မှခွင့်ပြုထားတဲ့ ပစ္စည်းကိုသာ တင်သွင်း/တင်ပို့ရမှာဖြစ်ပြီး ခွင့်ပြုမထားတဲ့ ပစ္စည်း ဖြစ်ပါက ထိရောက်စွာအရေးယူခံရမယ်လို့ ။ ” သူကဆိုပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်တင် သွင်းသူတွေ အနေနဲ့ ပို့ကုန်မှရရှိငွေ(Export Earning) ရှိပါက သွင်းကုန်လိုင်စင် ခွင့်ပြုပေးမှာ ဖြစ်ကာ တင်သွင်းလိုတဲ့ ကုန်ပစ္စည်းအားလုံးအတွက် သွင်းကုန်လိုင်စင်လျှောက် ထားရန်လိုအပ်ပြီး ရနောင်းဆိပ်ကမ်းမှတင်သွင်းမယ့် ကုမ္ပဏီတွေ ကို သွင်းကုန်လိုင်စင်ဦးစားပေးပြီး ပိုမိုခွင့်ပြုပေးမယ်လို့ တဆက်တည်းပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ မြဝတီနယ်စပ်ကုန်သွယ်ရေးအတွက် လိုင်စင်ချထားပေးခြင်းမရှိသလို မြဝတီမှာ သယ်ဆောင်လာမယ့် ကုန်စည်တွေကို တရားအဝင်ပစ္စည်းအဖြစ်သတ်မှတ်ထားတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။
မြဝတီ နယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၂ကို ဩဂုတ် ၁၈ ရက်နေ့မှာ မြန်မာဘက်ခြမ်းမှ ပိတ်လိုက်တာကြောင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားတာ ယနေ့အထိဖြစ်ပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW