ကျောက်မဲမြို့နယ်က ရွာ ၂ ရွာကို လေကြောင်း ဗုံးကြဲခံရလို့ ၂ ဦး ထိခိုက် ဒဏ်ရာရ

ဩဂုတ် ၃၁၊ ၂၀၂၅
Shy V (VOM)
ကျောက်မဲမြို့နယ်၊ ပုံဝိုးကျေးရွာအုပ်စု၊ ပန်သပြေရွာ နဲ့ ကျောက်မဲမြို့နယ်၊ နားခေါ်ကျေးရွာအုပ်စု၊ လွယ်ခေါ်ရွာမှာ ဩဂုတ်လ ၂၉ နဲ့ ၃၀ ရက်နေ့ည နှစ်ညအတွင်း လေကြောင်း ဗုံးကြဲခံရလို့ ၂ ဦး ထိခိုက် ဒဏ်ရာရကာ နေအိမ် တချို့ ထိခိုက်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကျောက်မဲမြို့ထဲေတာ့ မဟုတ်ပါဘူး။ လွယ်ခေါ်ရွာနဲ့ ပန်သပြေရွာပါ။ ပန်သပြေက ကျောက်မဲ – မိုင်းလုံ မိုးကုတ်လမ်းက တောင်ပေါ်ရွာလေ။ ပလောင်ရွာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ပန်သပြေမှာတော့ ဆရာလေး တပါး ထိခိုက်ပြီး လွယ်ခေါ်မှာတော့ ရွာသား တယောက် ထိခိုက်တာကြောင့် လူ ၂ ယောက် လောက်ထိခိုက်သွားတယ်လို့ သူက ပြောပါတယ်။
ကျောက်မဲ ဝန်းကျင်က ဒီကနေ့ ဩဂုတ်လ ၃၁ ရက်နေ့မှာတော့ ပစ်ခတ်သံတွေတော့ မကြားရသေးပါဘူးလို့ ဆိုပါတယ်။
“သြဂုတ် ၃၀ ရက်နေ့ည ၁၀ နာရီဝန်းကျင်ခန့်က ကျောက်မဲမြို့ အရှေ့မြောက်ဘက် ပြည်ထောင်စုလမ်းမ ဘေးက လွယ်ခေါ်ရွာထဲ လေကြောင်း ဗုံးကြဲခံရလို့ နေအိမ်အများကြီး ထိမှန်ပျက်စီးသွားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ရွာသားအများစုက လယ်တောထဲ တိမ်းရှောင် သွား‌အိပ်ကြရတယ်လို့ ဆိုပါတယ်။
ဒေသခံ တချို့က ငွေကြေးလုံးဝ ခက်ခဲနေလို့ မရှောင်တိမ်းနိုင်သလို သက်ကြီးရွယ်အို၊ နာတာရှည် လူနာ ရှိနေတဲ့ နေအိမ်တွေကလည်း ရှောင်တိမ်းဖို့ အခက်ကြုံ‌ရတယ်လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
“စစ်ရှောင်ချင်တယ်။ အသက် အပို မပါမှန်းလည်းသိ ပေမယ့် လက်ထဲ ပိုက်ဆံမရှိတော့ ဘယ်လိုမှ အဆင်မပြေဘူး။ တယောက်ထဲအတွက်ဆို မသိသာ ပေမယ့် မိသားစုလိုက်ရှောင်ဖို့ကျတော့ လမ်းစာရိတ် အတွက်ပဲကို အတော်မလွယ်ဘူး” သူက ပြောပါတယ်။
ကျောက်မဲမြို့ အဝင်၊ အထွက် ပြည်ထောင်စုလမ်းမ ဘေးတလျှောက်က ဒေသခံတွေ တိမ်းရှောင်သင့် ပြီဖြစ်သလို့ နေအိမ် လုံခြုံရေးအတွက် အိမ်စောင့်လည်း ရှိသင့်တယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။
ဩဂုတ်လ ၃၀ ရက်နေ့ည ၉နာရီခွဲကျော်ခနိ့က ကျောက်မဲမြို့နယ် နားခေါ်ရွာဘက် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခံရလို့ နေအိမ် ၄ အိမ် ဗုံးစထိမှန် ပျက်စီးသွားခဲ့တယ်လို့ TNLA ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့ကလည်း မိုင်းလုံဘက် ပန်သပြေရွာမှာ ပေါင် ၂၅၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခံရလို့ သီလရှင်၊ သံဃာတော်နဲ့ ပြည်သူလူထုများ သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ အိမ်၊ ကျောင်းဆောင် ၅ ဆောင်၊ ဓမ္မာရုံ တရုံ ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
Photo: Google

Related posts

Leave a Comment

VOM News

FREE
VIEW