စက်တင်ဘာ ၁၊၂၀၂၅
GG (VOM)
ကချင်ပြည်နယ် ၊ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်မှာ ဒီနေ့စက်တင်ဘာ ၁ ရက်နေ့မနက်ပိုင်းက အမျိုးသားတယောက် ပစ်သတ်ခံခဲ့ရ တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“မရှီကထောင်က အောင်မျိုးသူ ကားဝပ်ရှော့ရဲ့ မျက်စောင်းထိုးမှာရှိတဲ့ သုခ ဆေးခန်းရှေ့မှာ မှောက်ရက်ကြီးသေနေတာပါ။ မနက် ၇ နာရီခွဲလောက်မှာပစ်ခတ်ခံလိုက်ရတယ်သိရတယ်။ ဖားကန့်မှာ ပစ်သတ်ခံရသူတွေများလာပေမယ့် ဘယ်သူတွေပစ်ခတ်မှန်းမသိရဘူး။ ဘယ်အဖွဲ့လုပ်မှန်းမသိရဘူး။” လို့ ဖားကန့်ဒေသခံကပြောပါတယ်။
ပစ်ခတ်ခံရပြီးသေဆုံးသူကိုတော့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းက ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
ဖားကန့်မှာ ဩဂုတ်လအတွင်းတုန်းကလည်း သေနတ်နဲ့ပစ်သတ်ခံရသူ လေးယောက်ရှိခဲ့ပြီး ဇူလိုင်လအတွင်းမှာက လမ်းပေါ်ပစ်သတ်ခံရသူ ၁၅ ယောက်လောက်ရှိခဲ့တယ်လို့သိရပါတယ်။
ဖားကန့်ဒေသမှာ လူတွေပစ်သတ်ခံနေရတာ ခပ်စိပ်စိပ်ဖြစ်လာသလို KIA နဲ့ စစ်တပ်အကြားတိုက်ပွဲကလည်း ပိုပြီးပြင်းထန်လာတာကြောင့် လူနေရပ်ကွက်နဲ့ကျေးရွာတွေထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေဖြစ်ပွားပြီး သေဆုံးသူနဲ့ဒဏ်ရာရသူတွေ ဆက်တိုက်ရှိလာနေတယ်လို့သိရပါတယ်။
လက်ရှိမှာ စစ်တပ်က ဖားကန့်မြို့အတွင်းမှာ အင်အားတိုးမြှင်ကာ ဖြန့်ကျက်ထားပြီး လုံခြုံရေးယူထားသလို ရှောင်တခင်စစ်ဆေးမှုတွေရှိတဲ့အပြင် KIA နဲ့ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူတွေလည်း ရှိလာတယ်လို့သိရပါတယ်။
” လယ်ပြင်ရွာဘက်မှာပစ်နေတာ တဒုန်းဒုန်း ပဲ။အခု နလအတပ်က မြို့ထဲမှာ အင်အားတိုးချလာတာတွေ့ရတယ်။ ပြီးခဲ့တဲ့ရက်ကတင် ဖမ်းခံရသူတွေလည်းရှိတယ်။ ပြန်လွတ်သံတော့မကြားမိသေးဘူး။လေယာဥ်တွေလည်းဝဲနေတာပဲ။လက်နက်ကြီးကလည်း ရက်ခြားဆိုသလို ကျနေတယ်။” လို့ လုံးခင်းဒေသခံကပြောပါတယ်။
ဩဂုတ် ၃၀ ရက်နေ့က ဖားကန့် ၊ မှော်စီစာ ၊ရွှေညောင်ပင်ဆီဆိုင်အနီးမှာလက်နက်ကြီးကျလို့ လူ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို မနကျေးရွာထဲကိုလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသားတယောက်သေဆုံးကာသုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဩဂုတ် ၂၆ ရက်ညကလည်း ဖားကန့် မြို့မ မဏိဇေယျုံ ဘုန်းကြီးကျောင်း ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာ နဲ့ လုံးခင်းကျေးရွာအုပ်စု ဆွတ်အိန်ယာန်(အလယ်စခန်း)ဘက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကိုရင်နှစ်ပါးနဲ့ လူ ငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ
