မြ၀တီမြို့နယ်က DKBA အဖွဲ့ချုပ်ရှိရာကို ဒရုန်ဗုံးနဲ့တိုက်ခိုက်ခံရ၊ အာရှလမ်းမှာ နလအက အင်အားအများအပြားသုံးပြီး ထိုးစစ်ဆင်နေ

စက်တင်ဘာ ၄ ၊ ၂၀၂၅
GG(VOM)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊DKBA ထိန်းချုပ်နယ်မြေရှိ ကျောက်ခက်ကျေးရွာမှာ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ကျေးရွာအချို့မှာလည်းတိုက်ပွဲဖြစ်ပွားနေသလို မြဝတီ – ကော့ကရိတ်အာရှလမ်းမှာလည်း နလအမှ အင်အားအများအပြားနဲ့ထိုးစစ်ဆင်နေတာကြောင်းတိုက်ပွဲပြင်းထန်လာနေတယ်လို့သိရပါတယ်။
DKBA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ခက်ရွာကို ဒီနေ့ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၈ နာရီကျော်လောက်မှာ ဒရုန်းဗုံးနဲ့တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဆေးရုံအဟောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့ကာ ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
” ကျောက်ခက်က DKBA အဖွဲ့ချုပ်ရှိရာဘက်ပါ။ဒီနေ့မနက် တိုက်ခိုက်ခံရတာဟုတ်ပါတယ်။အခုကျောင်းတွေပိတ်လိုက်တယ်သိရတယ်။ သူက မြဝတီနဲ့ဆိုရင် တနာရီကျော်လောက်တော့သွားရတယ်။ခုထိတော့မြဝတီမှာက အခြေအနေအေးဆေးပါပဲ။ဘာမှမဖြစ်ဘူး။အာရှလမ်းဘက်မှာတော့တော်တော်လေးဖြစ်နေတယ်။ ” လို့ မြို့ခံတယောက်ကပြောပါတယ်။
လက်ရှိ မြဝတီမြို့နယ်ထဲက နို့ဖိုးရွာ နဲ့ ထီးမူရွာတွေဘက်မှာလည်း စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား နေပြီး မြေပြင်ထိုးစစ်အပြင် ဒရုန်းဗုံး ၊လေကြောင်းတိုက်ခိုက်မှုတွေပါရှိနေတယ်လို့သိရပါတယ်။
အလားတူ မြဝတီ – ကော့ကရိတ်အာရှလမ်းဘက်မှာတော့ စစ်တပ်က အာရှလမ်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအများအပြားသုံးပြီး စစ်​ကြောင်းထိုးတိုက်ခိုက်နေတာကြောင့် တိုက်ပွဲက အရှိန်အဟုတ်မြင့်ပြီး ပြင်းထန်လာနေတယ်လို့သိရပါတယ်။
” ဒီတခါ အာရှလမ်းတိုက်ပွဲမှာ စစ်တပ်ဘက်ကအင်အားတော်တော်များများကိုသုံးလာပြီး စစ်ကြောင်းပေါင်းစုံထိုးလာတဲ့သဘောရှိတယ်။အင်အားကတော်တော်ကိုများတယ်သိရတယ်။
အင်အားအလုံးအရင်းနဲ့ကိုပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာလို့ တိုက်ပွဲကထင်ထားတာထက်ကိုပိုပြင်းထန်နေပါတယ်။ရှေ့လျှောက်ပိုပြီးကြမ်းလာမယ့်သဘောပဲရှိတယ်။ပြည်သူတွေ တိုက်ပွဲသတင်းကိုနားစွင့်ပြီး လှုပ်ရှားကြဖို့သတိပြုပါ။” လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့ကလည်း မြဝတီ – ကော့ကရိတ်အာရှလမ်းမှာရှိတဲ့ ယခင်ကဖျက်ဆီးခံထားရတဲ့ ကော့နွဲ့တံတားကို နလအ ဘက်မှ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းလုပ်ဆောင်နေချိန်မှာ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသားတယောက်သေဆုံးကာ ရှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားတယ်လို့သိရပါတယ်။
မြဝတီ – ကော့ကရိတ် အာရှလမ်းကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ ဒေသတွင်းလက်နက်ကိုင်တပ်တွေပေါင်းပြီးတိုက်ခိုက်ကာ ထိန်းချုပ်ထားတာဖြစ်ပါတယ်။ လမ်းပိုင်းထိန်းချုပ်ပြီးနောက်ပိုင်း အာရှလမ်းတလျှောက်သွားလာခွင့်ကိုပိတ်ထားတာ ယနေ့အထိဖြစ်ပါတယ်။
ဓာတ်ပုံ – cj

Related posts

Leave a Comment

VOM News

FREE
VIEW