ကိုရီးယားပြန် အလုပ်သမားတွေ နောက်တကြိမ် အလုပ်လုပ်ခွင့်အတွက် အထူးစာမေးပွဲ ကျင်းပမယ်

စက်တင်ဘာ ၆ ၊ ၂၀၂၅
GG (VOM)
မကြာမီကျင်းပမယ့် ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK)မှာ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူ ၆၀၀၀ ဝန်းကျင်ရှိကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရဲ့ စက်တင်ဘာ ၅ ရက်နေ့မှာထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။
ကိုရီးယားနိုင်ငံမှာ သုံးနှစ်အထက်တရားဝင် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံကို ၂၀၁၀ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း ပြန်လည်ရောက်ရှိခဲ့တဲ့ မြန်မာအလုပ်သမားတွေ အလုပ်ပြန်လည်သွားရောက်လုပ်ကိုင်နိုင်ရေအတွက် အထူး သီးသန့်ကျင်းပပေးတဲ့ စာမေးပွဲဖြစ်ပြီး ဖြေဆိုခွင့်ရသူတွေကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ကြေငြာပေးနေတာဖြစ်တယ်လို့သိရပါတယ်။
” သုံးနှစ်အထက်နေခဲ့ပြီး ၂၀၁၀ နောက်ပိုင်းမှပြန်လာသူလည်းဖြစ်ရမယ်။ မွေးဖွားတဲ့ခုနှစ်ကလည်း ကန့်သတ်ချက်ရှိသေးတယ်။ကိုက်ညီမှဖြေလို့ရမှာဆိုတော့ အစိုးရအေဂျင်စီက နာမည်စာရင်းတွေထုတ်ပေးနေတယ်။အရင်စာမေးပွဲအောင်ပြီးသားလူတွေတောင်ခုထိမသွားရတာအများကြီးကို စာမေးပွဲတွေပဲထပ်ခေါ်နေတော့ အကုန်လုံးကပြောကုန်ကြပြီ။အောင်ပြီးသားလူတွေ သွားခွင့်ရဖို့လည်း လိုပါတယ်။” လို့ ကိုရီးယားဘာသာစကားသင်တန်းကျောင်းတခုမှ တာဝန်ရှိသူကပြောပါတယ်။
ပုံမှန်ကျင်းပခဲ့တဲ့ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ အောင်မြင်ထားသူတွေ နဲ့ အဆိုပါ နှစ်စဥ်ကျင်းပတဲ့ အထူးသီးသန့်စာမေးပွဲအောင်မြင်ထားပြီးသူတွေကို ကိုရီးယားနိုင်ငံမှာ အလုပ်ရရှိရေးဆောင်ရွက်ပေးခြင်းမရှိဘဲ စာမေးပွဲကိုသာ ထပ်မံကျင်းပတဲ့အပေါ် စာမေးပွဲအောင်မြင်ထားသူတွေက ဝေဖန်မှုတွေရှိနေပါတယ်။
” ဒီအထူးသီးသန့်စာမေးပွဲက CBT(Computer Based Test)စာမေးပွဲလို့လည်းခေါ်ပါတယ် ကျွန်တော်မနှစ်က အဲဒီအထူးသီးသန့်စာမေးပွဲအောင်ထားတာ ။ခုထိဘယ်မှမသွားရသေးဘူး။ဘာအလုပ်မှလည်းမရဘူး။အောင်ပြီးသားလူတွေကို အလုပ်ရအောင် နှစ်နိုင်ငံဆွေးနွေးတာမျိုးလုပ်မပေးဘဲ စာမေးပွဲတွေဘဲထပ်ကျင်းပနေတာ အဓိပ္ပါယ်မရှိဘူး။ပုံမှန် EPS စာမေးပွဲအောင်ထားသူတွေလည်းအများကြီးပဲရှိတယ်။ဒါတွေကို အလုပ်ရအောင်လုပ်ပေးဖို့ပြောပါရစေ။” လို့ အထူးသီးသန့်စာမေးပွဲအောင်ထားသူတယောက်ကပြောပါတယ်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီကတော့ ယခုကျင်းပမယ့် ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ မိမိဆန္ဒရှိမှသာ လျှောက်ထားကြဖို့နဲ့ စာမေးပွဲအောင်မြင်ပါက အလုပ်လျှောက်လွှာစာရင်းမှာပါဝင်ခွင့်ရရုံသာရှိပြီး ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့ရာနူန်းပြည့် အာမခံနိုင်ခြင်းမရှိဘူးလို့ အသိပေးထားပါတယ်။
စာမေးပွဲဖြေဆိုလိုသူတွေကတော့ ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲလျှောက်လွှာကို အွန်လိုင်းကနေ စက်တင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်မှာလျှောက်ထားနိုင်ပြီး စာမေးပွဲကို အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိကျင်းပမှာဖြစ်ကာ အောင်စာရင်းကိုတော့ အောက်တိုဘာ ၃၀ ရက်မှာထုတ်ပြန်ပေးမယ်လို့ ကြေငြာထားပါတယ်။
စာမေးပွဲဖြေဆိုခွင့်ရဖို့အတွက် အသက် ၁၈ နှစ်မှ ၃၉ နှစ်အတွင်း (၁၉၈၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၄ ရက်အတွင်း မွေးဖွားသူ) ဖြစ်ဖို့ လိုအပ်ပါတယ်။
ဒါအပြင် ကိုရီးယားနိုင်ငံမှ နှင်ထုတ်ခြင်း/ပြန်ပို့ခြင်း မခံရသူ(တရားမဝင်နေထိုင်ခဲ့ဖူးခြင်း မရှိသူ)၊ ထောင်ဒဏ်အပြစ်ဒဏ် ကျခံဖူးခြင်း မရှိသူ/ မိခင်နိုင်ငံမှ ပြည်ပကိုထွက်ခွာရန်တားမြစ်ခြင်း မခံရသူ စတာအပြင် E-9၊ E-10 ဗီဇာဖြင့် ကိုရီးယားမှာ ငါးနှစ်နဲအထက် နေထိုင်ခဲ့သူမဖြစ်ဖို့လည်း လိုအပ်ပါတယ်။
စာမေးပွဲအောင်မြင်သူတွေက ကိုရီးယားနိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်း ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတို့မှာ ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW