မြဝတီမှာ BGF နဲ့ နလအတပ် စစ်ရေးပူးပေါင်းလှုပ်ရှားနေပြီး သင်္ဃန်းညီနောင်ကို ပြန်ထိန်းချုပ်

စက်တင်ဘာ ၆ ၊ ၂၀၂၅
GG (VOM)
မြဝတီမြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်နဲ့ BGF တပ်တွေပူးပေါင်းထိုးစစ်ဆင်ကာ လက်ရှိသင်္ဃန်းညီနောင်မြို့သစ်ကို စစ်တပ်မှပြန်လည်ထိန်းချုပ်လိုက်သလို မြဝတီဇုန်မှာလည်း စစ်တပ်က အင်အားဖြန့်ကျက်ပြီး လုံခြုံရေး ပြန်လည်ရယူလာတယ်လို့ သိရပါတယ်။
လက်ရှိ သင်္ဃန်းညီနောင်မြို့သစ်ကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် လုံခြုံရေးရယူထားပြီး မြို့အဝင်ကစပြီး သွားလာခွင့်ပိတ်ထားတာကြောင့် မြဝတီ – ကော့ကရိတ်တောင်ပေါ်လမ်းဟောင်းကနေသွားလာမှုရပ်သွားသလို သင်္ဃန်းညီနောင်၊မဲကနယ်၊ဝှေ့ရှမ်း၊ကွင်းကလေးရွာမှ ပြည်သူတွေလည်း လတ်တလော စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။
” မဲကနယ်၊ဝှေ့ရှမ်း၊ ညီနောင်ဘက်တွေသွားလို့မရတော့ဘူး။ အရင်က လမ်းမှာနယ်ခြားစောင့်တပ်ရှိတယ်။ပြီးရင် လက်နက်ကိုင်တပ်တွေရှိတယ်။အခုက နယ်ခြားစောင့်တပ်ပဲရှိတော့တယ်။အဲနေရာကစပြီး ပိတ်လိုက်တာသွားမရတော့ဘူး။ဒါကြောင့် လမ်းဟောင်းကမနေ့ကစပြီးသွားလို့မရတော့ဘူး။ညီနောင်မှာစစ်တပ်က ပြန်ရောက်နေပြီ။ အဲဒီဘက်ကလူတွေလည်းရှောင်နေကြရတယ်။တိုက်ပွဲတွေဖြစ်နေတော့ ပစ်ခတ်နေတာ မနေ့ကတနေ့လုံးပဲ။ညအထိဆက်တိုက်ပဲ။ဒီနေ့မနက်တော့ငြိမ်နေတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိမှာ စစ်တပ်နဲ့ BGF တပ်တို့ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ကြောင်း ၊ အာရှလမ်းသစ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအများအပြားသုံးပြီး အပြင်းအထန်ထိုးစစ်ဆင်နေတဲ့အတွက် ဒေသတွင်းလက်နက်ကိုင်တပ်တွေနောက်ဆုတ်ပေးလိုက်ရတယ်လို့ လည်းသတင်းတွေအရသိရပါတယ်။
အာရှလမ်းသစ် တိုက်ပွဲမှာ နှစ်ဘက်အဖွဲ့အစည်းအတွင်း ထိခိုက်ဒဏ်ရာရရသူနဲ့ အကျအဆုံးရှိနေပြီး အာရှလမ်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံးတိုက်ပွဲတခုဖြစ်တယ်လို့ ဒေသတွင်းလက်နက်ကိုင်တပ်နဲ့ စစ်တပ်အသိုင်းအဝိုင်းဘက်က ပြောဆိုနေကြပါတယ်။
လက်ရှိမှာ စစ်တပ်က မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်ကို မကြာမီ အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်မယ့်အခြေအနေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။
” အစိုးရစစ်တပ်က မကြာခင် အာရှလမ်းကိုပြန်ရမယ့်သဘောရှိတယ်။အရင်က စစ်တပ်တခုထဲလှုပ်ရှားတယ်။အခုက BGF နဲ့ပေါင်းပြီး စစ်ရေးရော လုံခြုံရေးရောတွဲလုပ်လာတယ်။ အခုညီနောင်ကိုပြန်ရပြီ။မြဝတီဇုန်ထဲလည်းစစ်တပ်ကခုမနက်စဝင်လာပြီ။မြဝတီမြို့မှကြိုဆိုပါတယ်ဆိုတဲ့ဆိုင်းဘုတ်ကြီးအထိရောက်လာပြီဆိုတော့ အာရှလမ်းကို ပြန်ရတော့မယ့်အခြေအနေဖြစ်လာတာတွေ့ရတယ်။” လို့ပြောပါတယ်။
လက်ရှိမှာ ဒေသတွင်းလက်နက်ကိုင်တွေဘက်က နောက်ဆုတ်လိုက်ပေမယ့်လည်း တိုက်ပွဲကဆက်ရှိနေသေးပြီး ရွာဘက်ကဒေသခံတွေစစ်ရှောင်နေရပေမယ့် မြဝတီမြို့ပေါ်မှာတော့ ပုံမှန်သွားလာလှုပ်ရှားမှုရှိနေတုန်းပဲလို့သိရပါတယ်။
မြဝတီ – ကော့ကရိတ်အာရှလမ်းကိုတော့ ဒေသတွင်းလက်နက်ကိုင်တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
နလအကတော့ မြဝတီ – ကော့ကရိတ်အာရှလမ်းကို ပြန်လည်ထိန်းချုပ်ပြီးပါက လမ်းပိုင်းပြန်ဖွင့်နိုင်ရေးအတွက် ပျက်စီးတံတားတွေကိုပင် ပြင်ဆင်မှုရှိနေပါတယ်။
ကရင်ပြည်နယ် ၊ KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်ရှိ ဆေးရုံကို စက်တင်ဘာလ ၅ ရက်နေ့ ညတုန်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
စစ်ရေးအခြေအနေတင်းမာလာနိုင်တဲ့အခြေအနေကြောင့် KNU က လေးကေ့ကော်ဆေးရုံကို စက်တင်ဘာလ ၄ ရက်နေ့ကတည်းက ယာယီပိတ်ထားတာကြောင့် ညကဗုံးကြဲမှုမှာ အဆောက်အဦးသာထိခိုက်ပျက်စီးမှုရှိပြီး လူထိခိုက်မှုမရှိဘူးလို့ ကနဦးသိရပါတယ်။
ဓာတ်ပုံ – cj

Related posts

Leave a Comment

VOM News

FREE
VIEW