ဝါရှင်တန်၊ စက်တင်ဘာ-၆-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန် ရေတပ်အထူးတပ်ဖွဲ့ (Navy SEALs) ဟာ ဒေါ်နယ်ထရန့် ပထမအကြိမ် သမ္မတသက်တမ်းအတွင်း မြောက်ကိုရီးယားမှာ ကြားဖြတ်နားထောင်ရေးစက်တခု တပ်ဆင်ဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့ဘူးလို့ နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ် အစောပိုင်းက လျှို့ဝှက်စစ်ဆင်ရေးတခု အကောင်အထည်ဖော်ခဲ့တယ်လို့ ဆိုထားပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်ရဲ့ ဆက်သွယ်ရေးတွေကို ချုပ်ကိုင်ဖို့ ရည်ရွယ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲဒီအချိန်တုန်းက နိုင်ငံနှစ်နိုင်ငံဟာ အဆင့်မြင့် ဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအရာရှိတွေနဲ့ ရေတပ် တပ်ဖွဲ့ဝင်တွေ အပါအဝင် လူ ၂၀ ကျော်နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အချက်အလက်တွေကို အခြေခံထားတာလို့ နယူးယောက်တိုင်းက ဆိုပါတယ်။
ရေတပ်အထူးတပ်ဖွဲ့တဖွဲ့က ညဘက်မှာ ရေငုပ်သင်္ဘောတွေသုံးပြီး မြောက်ကိုရီးယားကို ချဉ်းကပ်ခဲ့ကာ ကမ်းစပ်ဆီကို စတင်ရေကူးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား လှေငယ်တစီး ပေါ်လာတဲ့အခါ သူတို့ကို တွေ့သွားမှာစိုးရိမ်တဲ့အတွက် အထူးတပ်ဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
လှေပေါ်က လူအားလုံးကို သတ်ပစ်ခဲ့ပြီး ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ လှေပေါ်ကလူတွေဟာ လက်နက်မပါဘဲ ပင်လယ်စာတွေရှာနေတဲ့ အရပ်သားတွေဖြစ်မယ်လို့ ယူဆရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီအန္တရာယ်များတဲ့ အစီအစဉ်အတွက် ထရန့်ရဲ့ တိုက်ရိုက်ခွင့်ပြုချက် လိုအပ်တယ်လို့ သတင်းက ဆိုပါတယ်။ ထရန့်အစိုးရကတော့ ဒီစီမံကိန်းမစခင်ရော အပြီးမှာပါ လွှတ်တော်ကို အသိပေးခြင်းမရှိခဲ့ဘူးလို့ ဆိုထားပြီး ဒါဟာ ဖက်ဒရယ်ဥပဒေကို ချိုးဖောက်မှုဖြစ်နိုင်တယ်လို့ နယူးယောက်တိုင်းက ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေဟာ ၂၀၁၈ ခုနှစ်က စင်္ကာပူမှာ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ပြီးနောက် ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲအတွက် ဗီယက်နမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။
အမေရိကန် ကာကွယ်ရေးဌာန အရာရှိတယောက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။ ထရန့်ကို အိမ်ဖြူတော်မှာ သတင်းထောက်တယောက်က မေးမြန်းခဲ့တဲ့အခါမှာလည်း ဒီအကြောင်း ဘာမှမသိဘူးလို့ ဆိုထားပြီး ဒါပထမဆုံးအကြိမ် ကြားဖူးတာပဲလို့ ပြောပါတယ်။
