ကျောက်မဲ ကုန်းကော်ရွာမှာ လက်နက်ကြီးကျလို့ လူနှစ်ယောက် သေဆုံး

စက်တင်ဘာ ၅၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ခေးနင်းကျေးရွာအုပ်စု၊ ကုန်းကော်ရွာမှာ ဒီကနေ့ စက်တင်ဘာလ ၅ ရက်နေ့ မနက် အစောပိုင်းက လက်နက်ကြီး ကျလို့ လူ နှစ်ဦး ထိုခိုက် သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကျောက်မဲ မြို့ပြင်ဘက် လက်နက်ကြီးကျတယ်ဆိုတာ ဟုတ်တယ်။ မြို့နဲ့ ဝေးပါတယ်။နှစ်ယောက်ထိသွားတာပါ။ သေဆုံးသွားပါတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
သေဆုံးသွားသူတွေက အမျိုးသား တယောက်နဲ့ အမျိုးသမီးတယောက်လို့ ကနဦး သိရပြီး အဲဒီဘက်ရွာမှာ မရှောင်ကြတဲ့ သူတွေရှိသေးတယ်လို့ သူက ပြောပါတယ်။
ခိုက်တုန်ဟုန်းရွာရဲ့ အနောက်ဘက်က မက်မန်း ကုံးကော်/ကုန်းကော်ရွာ ဖြစ်ပြီး လမ်းမကြီးဘေးကနေ အတွင်းထဲ ဝင်ရတဲ့ရွာဖြစ်ကာ လမ်းတွေလည်း ပိတ်ထားတယ်လို့ သူက ပြောပါတယ်။
“ဒီနေ့ မနက်စောပိုင်း ကျောက်မဲမြို့ပြင် ကုန်းကော်ရွာထဲလက်နက်ကြီးကျလို့ လင်မယားနှစ်ယောက် ထိမှန်သေဆုံးသွားခဲ့ရတယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ဒေသတွင်း ပရဟိတ အသင်းတွေက အလောင်းသယ်ယူနိုင်ဖို့ ဆောင်ရွက်နေကြောင်း သိရတယ်လို့ သူက ပြောပါတယ်။
ယမန်နေ့ စက်တင်ဘာ ၄ ရက်နေ့ကလည်း ကျောက်မဲ – မိုးကုတ် လမ်းပိုင်း၊ ကျောက်မဲမြို့နယ် ပန်သပြေရွာနဲ့ ပန်ကွမ်ရွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကာ လူ တယောက်ထိခိုက် ဒဏ်ရာ ရရှိကာ စာသင်ကျောင်း၊ စေတီနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီး သွားတာရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကျောက်မဲမြို့နယ် အတွင်း နအလ တပ်ဖွဲ့နဲ့ TNLA ပူးပေါင်း တပ်ဖွဲ့တို့အကြား လက်ရှိ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
Photo : Google

Related posts

Leave a Comment

VOM News

FREE
VIEW