ပါရီ၊ စက်တင်ဘာ-၅-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက်ရတာနဲ့ ယူကရိန်းမှာ ကြည်း၊ ရေ၊ လေတပ်တွေ စေလွှတ်ဖို့ အနောက်အုပ်စု မဟာမိတ် ၂၆ နိုင်ငံက တရားဝင်ကတိပြုထားတယ်လို့ ပြင်သစ်သမ္မတ မက်ခရိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ယူကရိန်းအရေး ကူညီဖို့ ဆန္ဒရှိသူများ မဟာမိတ်အဖွဲ့ နိုင်ငံ ၃၅ နိုင်ငံဆွေးနွေးအပြီးမှာ သူက ဒီလိုပြောကြားခဲ့တာပါ။ အမေရိကန်ကတော့ လေကြောင်းထောက်ပံ့မှု ဖြစ်နိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က မကြာသေးခင်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းလေပိုင်နက်ကို ကာကွယ်ရေးအတွက် သမ္မတထရန့်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဇီလန်စကီးကလည်း ပြောဆိုထားပါတယ်။ ရုရှားရဲ့ စစ်ယန္တရားကို စီးပွားရေးနည်းလမ်းနဲ့ ရပ်တန့်ဖို့ ဥရောပသမဂ္ဂဟာ အမေရိကန်နဲ့အတူ ရုရှားရေနံနဲ့ ဓာတ်ငွေ့တင်သွင်းမှုတွေ ရပ်တန့်ဖို့ လုပ်ဆောင်သင့်တယ်လို့ ဒေါ်နယ်ထရန့်က တိုက်တွန်းနေပါတယ်။
အဖွဲ့ဝင် ၂၇ နိုင်ငံပါတဲ့ ဥရောပသမဂ္ဂက ၂၀၂၇ ခုနှစ်အကုန်မှာ ဓာတ်ငွေ့နဲ့ ရေနံတင်သွင်းမှုအားလုံး ရပ်တန့်ဖို့ ရည်မှန်းချက်ချမှတ်ထားပါတယ်။ အိမ်ဖြူတော်အရာရှိတယောက်ကတော့ ရုရှားဟာ ဥရောပသမဂ္ဂဆီက လောင်စာဝယ်ယူမှုတွေ့နေ တနှစ်ကို ယူရို ၁.၁ ဘီလီယံ ရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အနောက်တိုင်းမဟာမိတ်တွေမှာ အမေရိကန်ရဲ့ ပံ့ပိုးမှုနဲ့အတူ ယူကရိန်းအတွက် ခိုင်မာတဲ့ ကတိ တွေရှိပြီး ရုရှားကို စစ်ပွဲအဆုံးသတ်ဖို့ ဖိအားပေးရမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။ ရုရှားကတော့ အနောက်မဟာမိတ်တွေရဲ့ တပ်တွေ ယူကရိန်းသို့ စေလွှတ်ခြင်း မပြုဖို့ သတိပေးထားပါတယ်။
စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲတွေ စတင်ဖို့ နောက်ဆုံးကြိုးပမ်းမှုတွေရှိပေမယ့် ရုရှားက ယူကရိန်းထဲကို တပ်ဖွဲ့တွေ ဆက်လက်စေလွှတ်နေတဲ့ကိစ္စအပေါ် ပြင်သစ်သမ္မတက ဝေဖန်ပါတယ်။ ရုရှားက သဘောမတူညီပေမယ့် ယူကရိန်းနဲ့ မဟာမိတ်တွေကတော့ စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်မတိုင်ခင် အပစ်ရပ်ရေး သဘောတူညီချက်ရယူသင့်တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။
Ref:BBC
Photo:Getty Images