အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကို စစ်ဝန်ကြီးဌာနလို့ ဒေါ်နယ်ထရန့် အမည်ပြောင်း

ဝါရှင်တန်၊ စက်တင်ဘာ-၅-၂၀၂၅
ရတီ(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (Department of Defense) ကို စစ်ဝန်ကြီးဌာန (Department of War) လို့ ပြောင်းလဲခေါ်ဖို့ ညွှန်ကြားလိုက်ပါတယ်။
ဒီအမိန့်ကို မနက်ဖြန်မှာ လက်မှတ်ထိုးမှာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး ပီဟတ်ဆက် ကို စစ်ဝန်ကြီးလို့ ခေါ်ဆိုရမှာလို့ ဆိုပါတယ်။ စစ်ဝန်ကြီးဌာနဆိုတဲ့နာမည်က ကာကွယ်ရေးဝန်ကြီးဌာနဆိုတဲ့ ကာကွယ်ရေးစွမ်းရည်ကိုပဲ အလေးပေးတဲ့နာမည်ထက် ပိုပြီးပြင်ဆင်မှုနဲ့ စိတ်ပိုင်းဖြတ်မှုရဲ့ အားကောင်းတဲ့ သတင်းစကားပေးနိုင်တယ်လို့ ထရန့်က ပြောပါတယ်။
ထရန့်ဟာ လွှတ်တော်ရဲ့သဘောတူညီချက်မရှိဘဲ ဌာနရဲ့နာမည်ကို တရားဝင်မပြောင်းလဲနိုင်တာကြောင့် အမြဲတမ်းနာမည်ပြောင်းလဲဖို့ ဥပဒေရေးရာနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ဖို့ ဟတ်ဆက်ကို ညွှန်ကြားထားပါတယ်။
ဒီလိုပြောင်းလဲမှုမျိုးကို လွှတ်တော်က ထောက်ခံမယ်လို့လည်း ဒေါ်နယ်ထရန့်က ယုံကြည်နေပါတယ်။စစ်ဝန်ကြီးဌာနက ဂျော့ဝါရှင်တန်က တည်ထောင်ခဲ့တာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီးမှာ နာမည်ပြောင်းခဲ့တာဖြစ်ပါတယ်။
အမြဲတမ်းအမည်ပြောင်းလဲမှုအတွက် ကုန်ကျမယ့်ငွေပမာဏကို အိမ်ဖြူတော်က မပြောသေးပေမယ့် အေဂျင်စီပေါင်းရာနဲ့ချီ၊ အထိမ်းအမှတ်တံဆိပ်တွေ၊ အီးမေးလ်လိပ်စာတွေ၊ ယူနီဖောင်းတွေနဲ့ အခြားအရာတွေကို ပြောင်းလဲရမှာဖြစ်တဲ့အတွက် ဒေါ်လာ ဘီလီယံချီ ကုန်ကျမယ်လို့ အမေရိကန်မီဒီယာတွေက မျှော်မှန်းထားပါတယ်။
ဒီအမည်ပြောင်းလဲမှုက သမ္မတရာထူးတက်ပြီးကတည်းက လက်မှတ်ထိုးခဲ့တဲ့ သူ့ရဲ့ အကြိမ် ၂၀၀ မြောက် အမိန့်ထုတ်ပြန်မှုလည်း ဖြစ်ပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW